Pages

Monday, April 6, 2015

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြည်တွင်း၌ နိုင်ငံခြားဘဏ်သုံးခု ဖွင့်လှစ်နိုင်ရန် အပြီးသတ်လိုင်စင် ခွင့်ပြုချက် ပထမဆုံးပေးအပ်


ရန်ကုန် ၊ ၆-၄-၂ဝ၁၅

မြန်မာနိုင်ငံ အတွင်း၌ နိုင်ငံခြား ဘဏ်များ မှ ဘဏ်ခွဲများ ဖွင့်လှစ်၍ လာရောက် လုပ်ကိုင်နိုင်ရန် လိုင်စင် လျှောက်ထားသည့် ဘဏ်များ ရှိနေပြီး ယင်းတို့ အနက်မှ ၂ဝ၁၅ ခုနှစ် ဧပြီ ၂ ရက်တွင် ဗဟိုဘဏ်မှ နိုင်ငံခြား ဘဏ်သုံးခုကို အပြီးသတ် လိုင်စင် ခွင့်ပြု ချက်ထုတ် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ လာရောက် လုပ်ကိုင်မည့် နိုင်ငံခြားဘဏ် များ၏ လုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်ကို ဂျပန်အခြေစိုက် ဘဏ်နှစ်ခု ဖြစ်သော The Bank of Tokyo Mitsubishi UFJ ၊ Sumitomo Mitsui Banking Corporation (SMBC) နှင့် စင်ကာပူ အခြေစိုက် Oversea-Chinese Banking Corporation (OCBC) ဘဏ်တို့ကို ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ယင်း ဘဏ်များ၏ ဘဏ်ခွဲများသည် ဧပြီ တတိယပတ် အတွင်း ယင်းတို့၏ ဘဏ်လုပ်ငန်းပိုင်း ဆိုင်ရာများကို လည်ပတ်နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက နိုင်ငံခြားဘဏ် ကိုးခုကို ပြည်တွင်း၌ လုပ်ငန်း ဆောင်ရွက် နိုင်ရန် ယာယီ လိုင်စင်များ ထုတ်ပေး ခဲ့ပြီးနောက် ဧပြီ ၂ ရက်တွင် ဗဟိုဘဏ်မှ အပြီးသတ် လိုင်စင် ချပေးခြင်းကို နိုင်ငံခြား ဘဏ်သုံးခုအား စတင် ပေးအပ်ခြင်း ဖြစ်၍ ဘဏ်ခွဲ ဖွင့်လှစ်ရေး အတွက် လိုင်စင် ပေးအပ်ရန် ကျန်ရှိ နေသေးသော နိုင်ငံခြားဘဏ် ခြောက်ခုမှာ သြစတြေးလျ အခြေစိုက် ANZ ဘဏ်၊ စင်ကာပူမှ UOB ဘဏ်၊ ထိုင်းနိုင်ငံမှ Bangkok Bank ၊ မလေးရှား နိုင်ငံမှ May Bank ၊ ဂျပန်နိုင်ငံမှ Mizuho Bank နှင့် တရုတ်နိုင်ငံ အခြေစိုက် ICBC ဘဏ်တို့ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ဘဏ်ခွဲ စတင် ဖွင့်လှစ်ခွင့် ရရှိသော နိုင်ငံခြားဘဏ်များ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် လုပ်ကိုင်သည့် ပြည်ပ ရင်းနှီးမြုပ်နှံမှု များကို ငွေချေး နိုင်မည်ဖြစ်ပြီး ပြည်တွင်းမှ လုပ်ငန်းရှင် များအား တိုက်ရိုက် ငွေချေးနိုင်မည် မဟုတ်သည့် အတွက် နိုင်ငံတွင်းရှိ ဘဏ်လုပ်ငန်း များကို ထိခိုက်နိုင်ခြင်း မရှိကြောင်း သိရသည်။ ယင်းနိုင်ငံခြား ဘဏ်ခွဲများ အနေဖြင့် ပြည်တွင်း ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ ပြည်တွင်းဘဏ် များနှင့် ပူးပေါင်း၍ ပြည်တွင်းရှိ လုပ်ငန်းများကို ဘဏ်ဝန်ဆောင်မှု ပေးခြင်းနှင့် အင်တာနက် ဘဏ်စနစ် ဝန်ဆောင်မှုများ ပေးအပ်ရန် အစီအစဉ်များ ပြုလုပ်မည် ဖြစ်ခြင်း တို့ကြောင့် မြန်မာနိုင်ငံ အခြေစိုက် ဘဏ်များသို့ လုပ်ငန်းနှင့် ပတ်သက်သည့် ထိခိုက်မှုများ မဖြစ်နိုင်ကြောင်း ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူ များက သုံးသပ် ပြောသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment