Pages

Wednesday, April 22, 2015

နိုင်ငံတော်ကို အပြုသဘောဖြင့် ၀ိုင်းဝန်း တည်ဆောက်ကြပါစို့


နိုင်ငံတော်ကို အပြုသဘောဖြင့် ၀ိုင်းဝန်း တည်ဆောက်ကြပါစို့

ချမ်းမြေ့ကြည်သာ

ဒီကနေ့ မြန်မာ့မီဒီယာ လောကဟာ အလုံးစုံ လွတ်လပ်ခွင့် မရှိသေးဘူးလို့ ပြောနေ ကြပေမယ့် ပွင့်လင်း မြင်သာရှိမှု၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်မှု ရှိနေတယ် ဆိုတာကိုတော့ မီဒီယာလောကရဲ့သတင်းဆောင်းပါး များမှာ တွေ့သာမြင်သာ ရှိပါတယ်။ အထူးသဖြင့် မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်တဲ့ အစွန်းရောက် အဆိုးမြင် အရေးအသား တွေကို နေ့စဉ်လိုလို မီဒီယာ စာမျက်နှာများမှာ ဖတ်ရှုနေကြ ရပါတယ်။

ကျွန်တော့် အမြင်ကတော့ မီဒီယာသမားတွေ အနေနဲ့ အရှိကို အရှိအတိုင်း တင်ပြရေးသား သင့်ကြသလို ပြည်သူတွေ အကျိုးရှိရာ ရှိကြောင်း ထောက်ပြ၊ ဝေဖန်၊ ဆွေးနွေး၊ အကြံပေး သင့်ပါတယ်။ ဒီလို အကြံပေး ရေးသား ကြရာမှာ ပြီးခဲ့တဲ့ အတိတ်ကို ပြန်လှန် တူးဆွပြီး မကျေနပ်ချက် တွေ၊ ဒေါသတွေ၊ မုန်းတီးမှုတွေ ရောပြွမ်းနေတဲ့ အရေးအသား တွေနဲ့ ဝေဖန်၊ ထောက်ပြ၊ သွေးဆွ၊ လှုံ့ဆော်တဲ့ ကဏ္ဍတွေကို မီးမောင်း ထိုးပြပြီး အဆိုးမြင်နဲ့ ရေးသားလို့ ကတော့ ရှေ့ဆက် သွားရမယ့် ဒီမိုကရေစီ လမ်းကြောင်းကြီး အတွက် ဆူးခင်းပေးတာနဲ့ အတူတူပါပဲ။

ဗုဒ္ဓမြတ်စွာ ကလည်း ပစ္စုပ္ပန် တည့်တည့်ဟာ အတိတ်နဲ့ အနာဂတ်ထက် ပိုပြီး အရေးကြီး ပါတယ်လို့ ဟောကြား တော်မူပါတယ်။ ပစ္စုပ္ပန် ဆိုတာက အနာဂတ်ရဲ့ အရှင်သခင်ပဲ မဟုတ်ပါလား။ ဒါကြောင့် ယခုရပ်တည် နေတဲ့အချိန်မှာ အကျိုးရှိရာ ရှိကြောင်းလုပ်ပါမှ၊ အပြုသဘော ဆောင်ပါမှ အနာဂတ် မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို မျိုးစေ့ ချနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာသမား တွေရဲ့ တာဝန်က အသစ် တည်ဆောက် ကြရမယ့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အနာဂတ် အကျိုးအတွက် အပြုသဘော ဆောင်တဲ့ အကြံပြုချက်တွေ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အမြင်တွေကို ပြည်သူတွေ ဖတ်ရှုနိုင်ပြီး အသိပညာ ပွင့်လင်းလာဖို့ အတွက် ရေးသားသင့် ပါတယ်။

နိုင်ငံတကာမှာ ဖွံ့ဖြိုးတိုးတက် နေတဲ့ စိုက်ပျိုးရေး နည်းပညာ အကြောင်းတွေ၊ အိုင်တီနဲ့ ပတ်သက်ပြီး လေ့လာ သင်ယူရမယ့် ကဏ္ဍတွေ၊ ဒီမိုကရေစီ လူလား မမြောက်သေးတဲ့ မိမိ နိုင်ငံတွင်းကို ပညာရှင် အယောင်ဆောင်ပြီး ဝင်လာမယ့် လူတွေကို ရှောင်ရှားရမယ့် အသိပညာတွေ၊ ငွေရှင်ကြေးရှင် ဟန်ဆောင်ပြီး ဖိုးတွမ်တီး လုပ်မယ့် လူတွေကို ဘယ်လို ကြိုတင်သိထား ရမယ်ဆိုတဲ့ အကြောင်းတွေ မီဒီယာကနေ ရေးပြရ ပါမယ်။ မိမိနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေနိုင်တဲ့ အချက်အလက်တွေ၊ အစားအသောက်နဲ့ ဆေးဝါးတွေကို ဘာကြောင့် ပြည်သူတွေ အနေနဲ့ မစားသုံးသင့်ပုံ တွေကိုလည်း ပြည်သူတွေကို ကျယ်ကျယ် ပြန့်ပြန့် သိအောင် ရေးပြမှ အလဟဿ ထွက်သွားရတဲ့ ပြည်တွင်းက ငွေယိုပေါက် တွေနဲ့ ပြည်သူ့ ကျန်းမာရေး သုတတွေ ရလာမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာခဲ့တာ အစိုးရသက်တမ်း တစ်ခု ကုန်ဆုံးလု နီးနီးအချိန်ကို ရောက်လာခဲ့ပါပြီ။ ဒီလောက် သက်တမ်းနဲ့ ရောမမြို့ကြီးကို နေ့ချင်းပြီး တည်ဆောက်ချင် သလိုမျိုးတော့ လုပ်လို့ မရပါဘူး။ သက်တမ်းအားဖြင့် ပြောမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးသန်း လောက်ကမှ လူရယ်လို့ ပီပြင်လာခဲ့တဲ့ လူသားရဲ့သက်တမ်း၊ နှစ်ပေါင်း ထောင်ချီပြီးတော့ ရေးခဲ့တဲ့ လူ့သမိုင်း သက်တမ်းနဲ့ စာရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သက်တမ်းဟာ ပရမာ အဏုမြူ လောက်တောင် ရှိမယ် မဟုတ်သေးပါဘူး။ ဒီမိုကရေစီ ဘိုးအေကြီးတွေ၊ ဒီမိုကရေစီ ဆရာကြီးတွေ တောင် သူတို့ဒေသ၊ သူတို့နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အုပ်ချုပ်မှု အလွဲအမှားတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေ၊ လူမှုရေး ဖောက်ပြန်မှုတွေ စတဲ့စတဲ့ ကမောက်ကမ တွေဟာ ဒုနဲ့ဒေးပါပဲ။

ဒီတော့... ကိုယ့်နိုင်ငံကို တကယ်တိုးတက် စေချင်တယ်ဆိုရင် စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာ သမားတွေက ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ မြန်မာပြည်သူ ပြည်သားတွေကို အကောင်းမြင် စိတ်နဲ့ နားမျက်စိ ဖွင့်ပေးကြ ပါလို့ တိုက်တွန်း လိုက်ရပါကြောင်း...။

#Themyawadydaily

No comments:

Post a Comment