Pages

Monday, April 27, 2015

ပျူမြို့ဟောင်းသုံးမြို့ ဖြစ်သည့် သရေခေတ္တရာ ဟန်လင်းနှင့် ဗိဿနိုးမြို့ဟောင်းတို့ကို ဇုန်များအလိုက် ပြင်ဆင်မှုများ ပြုလုပ်နေ


ရန်ကုန် ၊ ၂၇-၄-၂ဝ၁၅

ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုမှ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်ဒေသ အဖြစ် တရားဝင် အသိအမှတ် ပြုခြင်းခံရသော ပျူမြို့ဟောင်း သုံးမြို့ဖြစ်သည့် သရေခေတ္တရာ၊ ဟန်လင်းနှင့် ဗိဿနိုး မြို့ဟောင်းတို့အား ဇုန်များအလိုက် ပြင်ဆင်မှုများကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ပျူမြို့ဟောင်း ဒေသများအတွင်း ဟိုတယ် တည်ဆောက်ခွင့် ကို ကန့်သတ်ထားပြီး ရှေးဟောင်း ဇုန်နယ်မြေ အတွင်း အိမ်ခြံမြေ နေရာများကို တိုးချဲ့ပါက ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ် ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျူမြို့ဟောင်း သုံးမြို့အတွင်း လူနေအိမ်များ ကျူးကျော် ဝင်ရောက်မှု ပြဿနာကို ဖြေရှင်းရာတွင် နှစ်ကာလ ကြာမြင့်သည့် လူနေအိမ်များကို မူလအတိုင်း ထားရှိမည် ဖြစ်သော်လည်း ၂ဝ၁၃ ခုနှစ်နောက်ပိုင်း တွင် တည်ဆောက် ခဲ့သော အိမ်ရာများကို ဖြေရှင်းသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် သရေခေတ္တရာ ဟန်လင်းနှင့် ဗိဿနိုးမြို့ဟောင်း ဒေသရှိ ခရီးစဉ်များကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် Special Interest Tour အဖြစ် ခရီးသွား ကုမ္ပဏီတချို့မှ စတင်စီစဉ် ဆောင်ရွက်လျက် ရှိပြီး မြန်မာ့ ခရီးသွား လုပ်ငန်း ဈေးကွက် မြှင့်တင်ရေး ကော်မတီမှလည်း နိုင်ငံတကာ ခရီးသွားပြပွဲ များတွင် ယင်းဒေသ များကို နိုင်ငံခြားခရီးသွား ဧည့်သည်များ သိရှိလာရန် အတွက် ပြသသွားရန် စီစဉ်ထားသည်။

ပျူမြို့ဟောင်း သုံးမြို့သည် မြန်မာနိုင်ငံ အတွက် ပထမဆုံး ယူနက်စကို စာရင်းဝင်သည့် ရှေးဟောင်း မြို့သုံးမြို့ ဖြစ်သောကြောင့် ထိန်းသိမ်း ကာကွယ်မည့် နည်းလမ်းများကို စနစ်တကျ စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ဒေသခံ ပြည်သူများ ပါဝင်လာစေရန် အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment