Pages

Monday, April 6, 2015

ပရဟိတ စိတ်ဓာတ်


ပရဟိတ စိတ်ဓာတ်

လူသည် တစ်ဦး တစ်ယောက်တည်း နေသည့် သတ္တဝါ မဟုတ်ပေ။ အပေါင်းအသင်း၊ အသိုက် အဝန်းနှင့် နေတတ်သည့် သတ္တဝါ ဖြစ်သည်။ လူ့ပတ်ဝန်းကျင် တွင် ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ တစ်စုံတစ်ခုသော အကူအညီသည် တစ်ချိန်မဟုတ် တစ်ချိန် လိုအပ်တတ်သည်။

အကူအညီ မလိုသူဟူ၍ ရှိမည် မဟုတ်ပေ။ အကြီးအသေး၊ အတိုင်းအတာ ပမာဏသာ ကွာခြားနိုင်သည်။ လူတိုင်း အကူအညီ လိုအပ်သည်။

ပုထုဇဉ်တို့ သဘာဝ အခက်အခဲ အကျပ်အတည်း များနှင့် ကြုံတွေ့ ရတတ်သည်။ ထိုအခါ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီခြင်းဖြင့် အဆင်ပြေ သွားတတ်သည်။ ဤသည်မှာ အခြား သတ္တဝါများထက် လူကသာသော အချက် ဖြစ်သည်။ သို့သော် ယခုအခါ လူအများစုသည် အကူအညီ ပေးရကောင်းမှန်း မသိကြ၍ သော် လည်းကောင်း၊ ရိုင်းပင်း ကူညီလိုစိတ် မရှိကြ၍ သော် လည်းကောင်း အကူအညီ ပေးရန် ငြင်းဆိုသူ များနေသည်။ ''ကိုယ့်ထမင်း ကိုယ်စား ကြီးတော်နွား မကျောင်းနိုင်ဘူး'' ဆိုသူက များနေသည်။

ကိုယ့်အတွက် ကိုယ်ကြည့်သည့် အတ္တ များလာသည်ဟု ထင်သည်။ လောကတွင် မည်သည့် နေရာတွင်မဆို အပြန်အလှန် အကျိုး သက်ရောက်မှု ရှိသည်။ ကိုယ်က သူတစ်ပါးကို မကူညီတတ်လျှင် သူတစ်ပါး ကလည်း ကိုယ့်ကို ကူညီမည် မဟုတ်ပေ။ အပြန်အလှန် ရိုင်းပင်းကူညီ စိတ်မွေးပါမှ အားလုံး အဆင်ပြေ နိုင်သည်။ မည်သူမျှ အလုံးစုံ ပြည့်ဝနေသည် မဟုတ်၊ လိုသည့် နေရာ၌ အကူအညီ လိုအပ်သည်။ ထို လိုအပ်မှုကို အပြန်အလှန် ဖေးမ ကူညီပါမှ လောကသာယာ အဆင်ပြေမည် ဖြစ်သည်။

ကူညီရိုင်းပင်း လိုသောစိတ်သည် ပရဟိတ စိတ်ထား ဖြစ်သည်။ တစ်ပါးသူထံမှ တစ်စုံတစ်ရာ မျှော်လင့်ထားခြင်း မရှိဘဲ ရိုးသား သန့်ရှင်းသော စိတ်ဓာတ်ဖြင့် ကူညီခြင်းသည် ပရဟိတစိတ် ဖြစ်သည်။ လူတိုင်း ပရဟိတ စိတ်ဓာတ် မွေးမြူ လုပ်ကိုင်ကြမည် ဆိုပါက ငြိမ်းချမ်း သာယာသော လောက တစ်ခုကို ဖော်ဆောင် နိုင်မည် ဖြစ်သည်။ မြန်မာလူမျိုး တို့သည် တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီ တတ်သော လူမျိုး ဖြစ်သည်။ ထို ပရဟိတ စိတ်ထားသည် မြန်မာလူမျိုးများ ကြုံတွေ့ရသော သဘာဝ ဘေးအန္တရာယ် များကြောင့် ဆင်းရဲဒုက္ခ ရောက်နေသူများ အပေါ်တွင် ရိုင်းပင်း ကူညီမှုများက ဖော်ပြ နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ မြန်မာနိုင်ငံသား ဖြစ်ရသော ပြည်သူ အပေါင်းသည် အခြားနိုင်ငံ မှ ပြည်သူများထက် ကောင်းမွန်သည့် လူမှုဘဝကို ပိုင်ဆိုင် ထားသည်။

ထို ကောင်းမွန်သည့် ပရဟိတ စိတ်ထားကို ရှင်သန်နေရန် မွေးမြူ၍ လူတိုင်းကျင့်ကြံ နိုင်ပါက အခက်အခဲ အကျပ်အတည်း များကို အောင်မြင်စွာ ကျော်လွှား နိုင်မည်ဖြစ်သည်။ တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦးက ကူညီဖြည့်ဆည်း ပေးခြင်းဖြင့် သာယာသော လောကကို ထူထောင် နိုင်မည်ဖြစ်သည်။ နှုတ်၏စောင်မခြင်း၊ ကိုယ်၏ စောင်မခြင်းဖြင့် မိမိတတ်စွမ်း သရွေ့ အကူအညီ လိုအပ် နေသူများကို ကူညီ ပေးလိုက်ခြင်းဖြင့် အဆင်ပြေ သွားပါက မိမိလိုအပ်သော အခါတွင်လည်း ထိုသူတို့က အားပေးကူညီ ကြမည် ဖြစ်သည်။

သို့ဖြစ်ရာ လောက၏ ဓမ္မတစ်ခု ဖြစ်သော သူတစ်ပါး အကျိုးဆောင် ကိုယ့် အကျိုးအောင်သည့် သဘော သဘာဝနှင့် လူသားချင်း ရိုင်းပင်း ကူညီတတ်သော ပရဟိတ စိတ်ဓာတ် တို့သည် မြန်မာနိုင်ငံသား များ၏ နှလုံးသားတွင် တည်ရှိပြီး ဖြစ်သော်လည်း ရှင်သန် နေစေရန်၊ မျိုးဆက်သစ် များအား လက်ဆင့်ကမ်း အမွေ ပေးနိုင်ရန် ကြိုးပမ်း၍ ငြိမ်းချမ်း သာယာသော မြန်မာ့ လူ့ဘောင်သစ် ကို ဖန်တီး ဖော်ဆောင်ကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment