Pages

Tuesday, April 21, 2015

သဘာဝပတ်ဝန်းကျင် အကောင်းအဆိုး


သဘာဝပတ်ဝန်းကျင် အကောင်းအဆိုး

လူတိုင်း သတ္တဝါတိုင်း အသက်ရှင် နေထိုင်မှုသည် သဘာဝ ပတ်ဝန်းကျင် အကောင်းအဆိုးနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် လူတိုင်း အနေဖြင့် ကိုယ်ကျိုးအတွက် အများ အသက်ရှင် နေထိုင်ရေးနှင့် ဆိုင်သော သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေမှုကို မပြုလုပ်ကြဘဲ အားလုံးအတွက် ကိုယ်ချင်းစာ တရားဖြင့် ရှောင်ကြဉ် ကြရမည် ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာ များတွင် ဧရိယာ နယ်ပယ်အားဖြင့် ကျယ်ဝန်းခြင်း၊ တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိနေခြင်းတို့ ပါဝင်သည်။ ဧရိယာ နယ်ပယ်အားဖြင့် ကျယ်ဝန်းခြင်း ကိစ္စတွင် သဘာဝ ပတ်ဝန်းကျင်၏ ဧရိယာကို ကြည့်ရုံဖြင့် သိနိုင်သည်။

တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိသည်ဆိုသော အကြောင်းတွင် သစ်တောများ ယိုယွင်းပျက်စီး သွားပါက မြေသား တိုက်စားမှုကို ဖြစ်စေသည်။ မြေသား တိုက်စားပါက အင်းအိုင်၊ ချောင်းမြောင်း တို့ တိမ်ကော ပျက်စီးမှုကို ဆက်လက် ဖြစ်စေသည်။ အင်းအိုင်၊ ချောင်းမြောင်း တို့ တိမ်ကော ပျက်စီးပါက လူတို့အတွက် စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံတွေ့ စေမည် ဖြစ်သည်။

ထို့ပြင် ရေလမ်းကြောင်း သွားလာရေး ခက်ခဲမှုကို ဖြစ်ပေါ် စေနိုင်သကဲ့သို့ ရေနေ သတ္တဝါများ၊ ရေနေအပင်များ မျိုးသုဉ်းမှုကိုလည်း ဖြစ်စေသည်။ အခြားသော အဆိုးဘက် ဆက်စပ်မှုများ အနက် သစ်တော ပြုန်းတီးမှုကြောင့် လေထဲတွင် ကာဗွန်ဒိုင် အောက်ဆိုဒ် ပါဝင်မှု တိုးစေခြင်း အပြင် လေထု ညစ်ညမ်းမှု ကိုလည်း ဖြစ်ပေါ်စေသည်။

အကောင်းဘက် အနေဖြင့် ဆက်စပ်မှုကို ကြည့်ပါက သစ်တော သစ်ပင်များကို ထိန်းသိမ်း လိုက်လျှင် ဖော်ပြပါ အဆိုးများ အားလုံး အကောင်းဘက်သို့ ရောက်ရှိ ကြမည် ဖြစ်သည်။ ထို့ပြင် မြေတိုက်စားမှု နည်းပါးလာပြီး အင်းအိုင်၊ ချောင်း၊ မြောင်းများ ရေမပြတ်ဘဲ ရေများ ကြည်လင် သန့်ရှင်း လာမည် ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်ရေး အတွက် လူတိုင်း ပါဝင်လုပ်ကိုင် နိုင်ကြရမည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲ ခြင်းကြောင့် ရေရှားပါးမှု နှင့် ကြုံကြရသည်။ ဥပမာ အားဖြင့် ဆန်ဆေးရေကို အလဟဿ သွန်ပစ်မည့် အစား သစ်ပင်ကို ရေလောင်း ပေးခြင်း၊ ကျွဲ၊နွားများကို တိုက်ကျွေးခြင်း ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။ သွားတိုက်နေစဉ် ရေပိုက်ခေါင်း ပိုက်ဖွင့်ထားပြီး သွားတိုက် ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ရေပြုန်းတီးမှုကို ကာကွယ် ကြရမည် ဖြစ်သည်။

ဓာတု ပိုးသတ်ဆေး၊ ဓာတု မြေသြဇာ၊ ဓာတု ပေါင်းသတ်ဆေးများ သုံးစွဲခြင်းသည် မြေနှင့် ရေညစ်ညမ်းမှုကို ဖြစ်စေ သောကြောင့် ဇီဝနည်းဖြင့် ပိုးမွှား အန္တရာယ် ကာကွယ်ခြင်း၊ သဘာဝ မြေသြဇာ ဖြစ်သော သစ်ရွက်များကို မြေတူး၍ မြေဆွေး အဖြစ် ရယူခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးမှုကို ကာကွယ်ရာ ရောက်သည်။

သို့ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင် အကောင်း၊အဆိုး တို့ကို လူတို့ဖန်တီး ကြလျက် ရှိသောကြောင့် လူတို့အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်သုဉ်း စေမည့် လုပ်ရပ်များကို ရှောင်ကြဉ် ကြပြီး သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်စေရေး အတွက် အမြဲထာဝရ ထိန်းသိမ်း စောင့်ရှောက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပါသည်။

#Yadanarpondaily

No comments:

Post a Comment