Pages

Friday, April 24, 2015

ကာဗွန်ကို ကာကွယ်နိုင်ဖို့


ကာဗွန်ကို ကာကွယ်နိုင်ဖို့

ယနေ့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု၏ အစမှာ ကာဗွန် လွန်ကဲ ထုတ်လွှတ်မှု ကဟု ဆိုရမည် ဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင် များက ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကမ္ဘာ့ ကာဗွန်လွန်ကဲ လာမှုကို ထိန်းချုပ်နိုင်ရန် ကြိုးစား နေကြသည်။ ကမ္ဘာ့စက်မှု နိုင်ငံကြီးများ၏ ကာဗွန် လျှော့ချပေး လာရေးကို ဝိုင်းဝန်းဖျောင်းဖျ မေတ္တာရပ်ခံ ကြသည်။

အာရှနိုင်ငံကြီး တစ်ခုက ကမ္ဘာကြီး ပူနွေးလာမှု ပြဿနာကို ချမ်းသာသော နိုင်ငံများက ဦးဆောင်ဖြေရှင်း ရမည် ဖြစ်ကြောင်း၊ ၄င်းတို့ နိုင်ငံအနေဖြင့် ၄င်းတို့၏ ဖွံ့ဖြိုး တိုးတက်မှုကို စတေးမခံ နိုင်ကြောင်း အတိအလင်း ငြင်းပယ်ခဲ့ ဖူးသည်။ လတ်တလော အကျိုးဆက်မှာ ၄င်းတို့ နိုင်ငံတွင်လည်း ကာဗွန် လွန်ကဲမှုကို ဆိုးရွားစွာ ခံစားနေကြ ရသည်။ ၄င်းတို့၏ မြို့ကြီးများတွင် မြူဆိုင်းခြင်း၊ လေထု မသန့်ရှင်းခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသည့် ရာသီဥတု ကမောက်ကမ ဖြစ်သည့် ဒဏ်ကို ခံစားနေကြ ရသည်။

အဓိကမှာ ကာဗွန်ဓာတ် လွန်ကဲ ထုတ်လွှတ် နေမှုများ၊ ဖန်လုံအိမ် အာနိသင် ဖြစ်စေသည့် ဓာတ်ငွေ့ ထုတ်လွှတ်မှု များကြောင့် သဘာဝ  ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ငတ်မွတ် ခေါင်းပါးခြင်း နှင့် သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးနှင့် ကြုံတွေ့ ရခြင်းများ ယခု ရာစုနှစ် အတွင်း ပိုမိုမြင့်တက် လိမ့်မည်ဟု ကုလသမဂ္ဂ ကျွမ်းကျင် ပညာရှင်များက သုံးသပ် ပြောကြား ကြသည်။

ကမ္ဘာကြီး ပူနွေးမှု ပမာဏ ကြီးမားလာသည် နှင့်အမျှ ပြင်းထန်သော၊ ရှောင်လွှဲ၍ မရသော၊ ပြန်လည် ပြုပြင်၍ မရနိုင်သော ထိခိုက် ဆုံးရှုံးမှုများ ပိုမိုမြင့်တက် စေနိုင်ကြောင်းနှင့် ၂၁ဝဝ ပြည့်နှစ်သို့ အရောက်တွင် ပင်လယ် ရေမျက်နှာပြင် သည်လည်း ၁ဝ လက်မမှ ၃၂ လက်မထိ မြင့်တက် လာနိုင်ကြောင်း အဆိုပါ ပညာရှင် များက ခန့်မှန်း ထားကြသည်။

ကမ္ဘာကြီး ပူနွေးလာမှု ဒဏ်ကို ကာဗွန်လွန်ကဲစွာ ထုတ်လွှတ် သူများနှင့် မထုတ်လွှတ် သူများပါ အားလုံးခံစား ကြရမည် ဖြစ်ရာ အဘယ်ကြောင့် ကာဗွန်ဓာတ်ငွေ့ ကို မလျှော့ချ နိုင်ကြသနည်း ဟု မေးရမည် ဖြစ်သည်။ ကမ္ဘာကြီး အပူဒဏ်မှ ကာကွယ် နိုင်ရေးကို ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်မိသားစု အတိုင်းအတာ နှင့် ကြိုးစားကာကွယ် ကြရမည် ဖြစ်သည်။

ယနေ့ လွန်ကဲနေသည့် ကာဗွန်ဓာတ်ငွေ့ ကို လျော့နည်းစေရန် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် သဘာဝ တံတိုင်းကာရံပြီး ကာကွယ်ကြ ရမည်။ မိမိတို့ လုပ်နိုင်သလောက် လုပ်ပါက ကာဗွန်ဘေး အန္တရာယ်မှ လွတ်ကင်း နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ ကာဗွန်ကို ကာကွယ်နိုင်ဖို့ လူတိုင်း လူတိုင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်း လုပ်ဆောင်ကြ ရမည် ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ အိမ်၊ ရပ်ကွက်၊ ရပ်ရွာ၊ ကျောင်း၊ လမ်း တို့တွင် သစ်ပင်များ စိုက်ပါက သစ်တောများ စိမ်းစိုလာကာ ကမ္ဘာ့ လူသားများ ကာဗွန် များလာမှု ဘေးမှ လွတ်ကင်း ချမ်းသာရာ ရောက်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment