Pages

Monday, April 6, 2015

အင်းတော်ကြီးဒေသကို ယူနက်စကို၏ ဇီဝအဝန်းနယ်မြေ အဖြစ် အဆိုပြု တင်သွင်းမည်


မိုးညှင်း ၊ ၆-၄-၂၀၁၅

အင်းတော်ကြီး ဒေသကို ယူနက်စကို အစီအစဉ် တစ်ခုဖြစ်သည့် လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် အဆိုပြု တင်သွင်းနိုင်ရန် ဇီဝ မျိုးစုံမျိုးကွဲများ အချက်အလက် ကောက်ယူခြင်း၊ နယ်မြေ သတ်မှတ် နိုင်ရန် ကွင်းဆင်း လေ့လာခြင်း၊ ထိန်းသိမ်းရေး ဇုန်များ ခွဲခြင်းနှင့် ဒေသခံ များအား ဇီဝအဝန်း နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ပညာပေးခြင်း တို့ ပြုလုပ်လျက် ရှိကြောင်း နိုင်ငံတကာ တိရစ္ဆာ န် နှင့် အပင် ထိန်းသိမ်းရေး အဖွဲ့(FFI) မှသိရသည်။

အင်းတော်ကြီး ကန်သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ တည်ရှိပြီး အရှေ့တောင် အာရှတွင် အကြီးဆုံးကန် တစ်ခုဖြစ်၍ အရှေ့မှ အနောက်သို့ ၁၃ ကီလိုမီတာ (၈ ဒသမ ၁မိုင်) နှင့် တောင်မှ မြောက်သို့ ၂၃ ကီလိုမီတာ (၁၅ မိုင်) ကျယ်ဝန်းကြောင်း သိရသည်။

ပင်လယ် ရေမျက်နှာပြင် အထက် ၅၄၆ ပေ အမြင့်တွင် တည်ရှိပြီး အင်းတော်ကြီးကန် ပတ်လည်၌ ရွာပေါင်း ၃၆ ရွာရှိ၍ အဓိက နေထိုင်သော လူမျိုးစုများမှာ ရှမ်းနှင့် ကချင် လူမျိုးများ ဖြစ်ကြောင်း သိရသည်။

အင်းတော်ကြီး ဒေသ၏ အဓိက ကျသော နေရာမှာ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် မိုးကောင်း မြို့နယ်အတွင်း တည်ရှိသည်။ အဆိုပါ ဘေးမဲ့တောကို ၁၉၉၉ ခုနှစ် တွင်တည်ထောင် ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်း တိရစ္ဆာ န် ဘေးမဲ့တောသည် အာဆီယံ အမွေအနှစ် ဆိုင်ရာဥယျာဉ် (ASEAN Heritage Parks) အဖြစ် သတ်မှတ်ခံ ထားရပြီး ဧရိယာ စတုရန်းမိုင် ၃၁၄ ဒသမ ၆၇ ကျယ်ဝန်းကာ အမြဲစိမ်းတော နှင့် ရေတိမ်ဂေဟ စနစ်တို့ကို ထိန်းသိမ်းထား ပြီး ဆင်၊ သမင်၊ ဆတ်၊ စိုင်၊ တောဆိတ်နှင့် ဆောင်းခိုငှက်များ နေထိုင်ကျက်စား ကြကြောင်း သိရသည်။

ထိုသို့ ဇီဝမျိုးစုံမျိုးကွဲ များစွာ မှီခိုကျက်စားပြီး ရေဝေရေလဲ ဧရိယာ၊ လူနေကျေးရွာ နှင့် သစ်တောများ ရှိနေသည့် အင်းတော်ကြီး ဒေသကို ဇီဝအဝန်းနယ်မြေ အဖြစ် သတ်မှတ် နိုင်ရန် စက်တင်ဘာလ တွင် ယူနက်စကိုသို့ အဆိုပြုသွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

အင်းတော်ကြီး ဒေသကို ယူနက်စကို၏ ဇီဝအဝန်းနယ်မြေ အဖြစ် သတ်မှတ်နိုင် ပါက နိုင်ငံတကာ အသိအမှတ်ပြု နေရာ ဖြစ်လာသည့် အတွက် နိုင်ငံတကာမှ ပိုမိုအာရုံစိုက် လာပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment