Pages

Monday, April 27, 2015

ကုသိုလ်တော်ဘုရား ကျောက်စာချပ်များ ထားရှိရာ ဓမ္မစေတီများအတွင်းသို့ ၀င်ရောက်ခြင်းမပြုနိုင်ရန် အခါကြီးရက်ကြီးတွင် သံတံခါးဖြင့် သော့ပိတ်ထားမည်



မန္တလေး ၊ ၂၇-၄-၂၀၁၅

ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး အဖြစ် ထင်ရှား ကျော်ကြားပြီး ယူနက်စကို အသိအမှတ်ပြု စာရင်းဝင် ဖြစ်သည့် ကုသိုလ်တော် ဘုရားကျောက်စာ များကို ထိန်းသိမ်း စောင့်ရှောက်သည့် အနေဖြင့် လူစည်ကားသည့် အခါကြီး ရက်ကြီး များတွင် ကျောက်စာများ ထားရှိရာ သီဟိုဠ် စွယ်တော်ကြုပ် ပုံစံ ဓမ္မစေတီ များအတွင်းသို့ ဝင်ရောက်ခြင်း မပြုနိုင်ရန် သံတံခါးကို သော့ပိတ် ထားမည် ဖြစ်ကြောင်း သိရသည်။

''လူစည်ကားတဲ့ အခါကြီး ရက်ကြီးတွေမှာ ဆိုရင် ဘုရားဝင်း အတွင်းကို လာရောက် လည်ပတ်ကြတဲ့ ဘုရားဖူး ခရီးသည် တချို့က ကျောက်စာချပ်တွေ ထားရှိတဲ့ ဓမ္မစေတီတွေ ထဲကို ဝင်ရောက်ပြီး ကျောက်စာချပ် တွေပေါ်မှာ ရေးခြစ်တာတွေ ရှိပါတယ်။ အဲဒီလို ရေးခြစ်တာ တွေဟာ ရှေးဟောင်း သမိုင်းဝင် ကျောက်စာချပ် တွေကို ပျက်စီး စေနိုင်တာကြောင့် လူစည်ကားတဲ့ ရက်တွေဆို ရင် အဲဒီကို ဝင်ရောက်လို့ မရအောင် ဓမ္မစေတီ တွေရဲ့ သံတံခါးကို သော့ပိတ်ထားဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသည်တွေနဲ့ ပညာရှင်တွေ၊ သုတေသန လုပ်နေတဲ့ သူတွေ ဝင်ရောက် လေ့လာချင်တယ် ဆိုရင်တော့ သံတံခါးကို သော့ဖွင့်ပေးပြီး အထဲက ကျောက်စာကို အနီးကပ် လေ့လာနိုင်အောင် ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာ ဖြစ်သလို ယူနက်စကို စာရင်းဝင်တဲ့ ရှေးဟောင်း ကျောက်စာချပ်တွေ ဖြစ်တာကြောင့် အခုလိုမျိုး ထိန်းသိမ်း စောင့်ရှောက် မှသာ ရေရှည်တည်တံ့ စေမှာ ဖြစ်ပါတယ်'' ဟု ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက် ဦးစီးဌာနနှင့် ဆစ်ဒနီ တက္ကသိုလ်မှ နိုင်ငံခြားသား သုတေသန ပညာရှင်များ ပူးပေါင်း၍ ပဉ္စမသင်္ဂါယနာ တင်ခြင်း ဆိုင်ရာ သမိုင်း အချက်အလက်များ၊ မင်းတုန်းမင်း လက်ထက် အခြေအနေ များကို လေ့လာမည့် အပြင် ကုသိုလ်တော် ဘုရား ကျောက်စာချပ် များကို သန့်ရှင်းရေး လုပ်ကိုင်ခြင်း၊ မင်ပြန်ထပ်ခြင်း တို့ကို ဆောင်ရွက်ရန် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ က ယခု နှစ်ဆန်းပိုင်းတွင် အမျိုးသား လွှတ်တော်၌ အသိပေး ပြောကြားထားပြီး ဖြစ်ရာ ကျောက်စာချပ် များကို မူလတန်ဖိုး ပျက်စီးစေနိုင်သည့် ထုံးသုတ်ခြင်း၊ ဆေးရောင် သုတ်ခြင်း၊ ရွှေရေး မင်ရေး ဆောင်ရွက်ခြင်း တို့ကို ခွင့်ပြုမည် မဟုတ် သော်လည်း မူလလက်ရာ အတိုင်း မင်ပြန်ထပ်ခြင်း အတွက် အလှူရှင်များ စိတ်ဝင်စား ပါက လှူဒါန်းနိုင်ကြောင်း သိရသည်။ (ဝ၅ဝ)

#Yadanarpondaily

No comments:

Post a Comment