Pages

Friday, March 6, 2015

တွင်းတောင်အင်း၌ ရေညှိများ ပြန်လည်ပွားများရေး အတွက် pH Level မြင့်စေရန် လုပ်ဆောင်ရမည်



စစ်ကိုင်း ၊ ၆-၃-၂ဝ၁၅

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ စိမ်းပြာရေညှိ ထွက်ရှိရာ နေရာတစ်ခု ဖြစ်သည့် တွင်းတောင်အင်း၌ ရေညှိများ ပြန်လည်ပွားများ လာစေရေးအတွက် အင်း နယ်နိမိတ်ကို ကွန်ကရစ်မြောင်းဖြင့် တားဆီး၍ pH Level မြင့်စေရန် လုပ်ဆောင်ရမည် ဖြစ်ပြီး ယင်းမှတစ်ဆင့် စိမ်းပြာရေညှိကို မွေး၍ အင်းထဲသို့ ပြန်လည် ထည့်သွင်းသည့် နည်းလမ်းဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၏ ပြောကြားချက် အရ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ တွင်းတောင်အင်း၊ တောင်ပျောက်အင်း၊ တွင်းမအင်း နှင့် ရေခါးအင်း တို့သည် စိမ်းပြာ ရေညှိများ သဘာဝအတိုင်း ထွက်ရှိရာ နေရာဖြစ်ပြီး ထူးခြားသော သဘာဝနေရာ ဖြစ်၍ ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ယူနက်စကို အသိအမှတ်ပြု သဘာဝ အမွေအနှစ် နေရာအဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

သို့ရာတွင် စပီရူလိုင်းနား အဓိက ထွက်ရှိရာ တွင်းတောင်အင်း တွင် ရေချို ဝင်ရောက်မှုကို မတားဆီးနိုင် သေးသဖြင့် စိမ်းပြာရေညှိ ပြန်လည် ရှင်သန်ရန် လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေပြီး တွင်းတောင်အင်း အပါအဝင် အင်းလေးခုကို ယူနက်စကို သဘာဝ အမွေအနှစ် အဖြစ် တင်သွင်းရန် အချိန်ကြန့်ကြာ နေကြောင်း သိရသည်။

စိမ်းပြာရေညှိ သည် ကမ္ဘာတွင် မြန်မာနိုင်ငံ ၊ ချက်သမ္မတနိုင်ငံ နှင့် ကွန်ဂိုနိုင်ငံ တို့၌သာ သဘာဝအတိုင်း ထွက်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး၌ တွင်းတောင်အင်း မှ ထွက်ရှိသည့် စိမ်းပြာ ရေညှိသည် အထွက်နှုန်း အကောင်းမွန်ဆုံး နှင့် အရည်အသွေး အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

တွင်းတောင် အပါအဝင် အင်းလေးခုမှာ ယူနက်စကို သဘာဝနယ်မြေ အဖြစ် သတ်မှတ်ခြင်း ခံရပါက မြန်မာနိုင်ငံ အတွက် ဂုဏ်ယူ ဖွယ်ဖြစ်၍ ထူးခြားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေရာ ဖြစ်လာမည့် အတွက် တစ်ကမ္ဘာ လုံး အာရုံစိုက် လာမည် ဖြစ်ကြောင်း သိရသည်။

မင်းသန့်

#Themyawadydaily
#မြဝတီနေ့စဉ်

No comments:

Post a Comment