Pages

Monday, March 23, 2015

သမ၀ါယမဘဏ် မှ Mobile ATM ယာဉ်များဖြင့် ရန်ကုန်မြို့အနှံ့ ၀န်ဆောင်မှုပေးရန် စီစဉ်


ရန်ကုန် ၊ ၂၃-၃-၂၀၁၅

ရန်ကုန်မြို့အနှံ့၌ MPU ကတ် ကိုင်ဆောင် အသုံးပြုသူများ အနေဖြင့် ငွေထုတ်ယူရာတွင် အလွယ်တကူ ဆောင်ရွက် နိုင်စေရန် သမဝါယမဘဏ် လီမိတက်မှ Mobile ATM ယာဉ်များဖြင့် လိုက်လံ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ATM စက် ပျက်နေသော နေရာများ၊ MPU ကတ်ဖြင့် လစာငွေ ထုတ်ယူမည့် ဝန်ထမ်း အရေအတွက် များပြားသော နေရာများ၊ လူသွားလူလာ များသော နေရာများနှင့် အခါကြီးရက်ကြီး လူစည်ကားရာ နေရာများ၌ MPU ကတ်များကို အသုံးပြု၍ ငွေထုတ်ယူ လိုသူများ အဆင်ပြေစေရေး အတွက် Mobile ATM ယာဉ်များဖြင့် လိုက်လံ ဝန်ဆောင်မှု ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါရွေ့လျား ATM ယာဉ်များ ဝန်ဆောင်မှု ပေးသောအခါတွင် မြေပြင် အခြေစိုက် ATM စက်များနည်းတူ MPU ကတ်များ အသုံးပြု၍ ငွေထုတ်ယူ နိုင်ခြင်း၊ လက်ကျန် ငွေစစ်ခြင်းနှင့် စာရင်းရှင်းတမ်း ထုတ်ယူခြင်း အစရှိသော ဝန်ဆောင်မှုများကို ၂၄ နာရီ ပိတ်ရက်မရှိ လိုက်လံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သမဝါယမဘဏ် လီမိတက် အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၌ ဘဏ်ခွဲပေါင်း ၃ဝ ခန့်နှင့် မြန်မာ တစ်နိုင်ငံလုံး၌ ဘဏ်ခွဲပေါင်း ၁၂ဝ ကျော် ဖွင့်လှစ်ထားပြီး ယင်းဘဏ်ခွဲများ အားလုံးနီးပါး တွင်လည်း ATM စက်များ တပ်ဆင်ပေး ထားကြောင်း သိရသည်။

လက်ရှိတွင် သမဝါယမဘဏ် လီမိတက် သည် ပြည်သူများအတွက် ဘဏ်ဝန်ဆောင်မှု Product အမျိုးအစားပေါင်း ၅ဝ ခန့်ကို ထုတ်လုပ်ပေးလျက် ရှိသည့်အပြင် နောက်ထပ် ဘဏ်ဝန်ဆောင်မှု အသစ်များ ကိုလည်း ဆက်လက် ဆောင်ရွက်သွားရန် အစီအစဉ် များရေးဆွဲလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment