Pages

Thursday, March 5, 2015

မိုဘိုင်းလ်ဖုန်း ပြုပြင်ရေးသင်တန်းများအား အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် လူငယ်များ စိတ်ဝင်စားမှုမြင့်တက်



ရန်ကုန် ၊ ၅-၃-၂၀၁၅

အသက်မွေး ဝမ်းကျောင်း ပညာရပ်တစ်ခု အဖြစ် မိုဘိုင်းလ်ဖုန်း ပြုပြင်ရေး သင်တန်းများအား လူငယ်များ စိတ်ဝင်စားမှု မြင့်တက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းမှ အသင်းဝင် လုပ်ငန်းရှင် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''လူငယ်တွေကြားမှာ မိုဘိုင်းလ်ဖုန်းက အတော်လေး ရေပန်းစားတဲ့ ဆက်သွယ်ရေး ပစ္စည်းဖြစ်နေ ပါတယ်။ ဒီတော့ ဒီ မိုဘိုင်းလ်ဖုန်းတွေ အတွက် ဝန်ဆောင်မှု လုပ်ငန်းတွေ အလုပ်ဖြစ် လာတယ်။ ဒီလို အခြေအနေမှာ လူငယ်တွေက ဝန်ဆောင်မှု ပိုင်းကို စိတ်ဝင်စား လာကြတယ်။ ကိုယ်တိုင်သုံးရင်း တစ်ဖက်ကလည်း ဝန်ဆောင်မှု ပိုင်းနဲ့ ငွေရှာဖို့ ကြိုးစား လာကြတယ် ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

ယခုအခါ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ အပါအဝင် မြို့ကြီး တချို့တွင် မိုဘိုင်းလ်ဖုန်း ပြုပြင်ရေး သင်တန်းများ အများအပြား ပေါ်ထွက်လာပြီး Software နှင့် Hardware ပိုင်းများ အပါအဝင် လူသုံးများသော မိုဘိုင်းလ်ဖုန်း အမှတ်တံဆိပ်များ နှင့် ပတ်သက်သည့် ဝန်ဆောင်မှုပိုင်း ဆိုင်ရာများကို စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးလျက် ရှိကြောင်း သိရသည်။

''တချို့ သင်တန်းကျောင်း တွေက သင်တန်း ကာလပြီးရင် အလုပ်ခွင် သင်တန်းတွေ စီစဉ်ပေးတယ်။ တချို့ သင်တန်းကျောင်းတွေ ကတော့ သင်တန်း ပြီးသွားရင် ကိုယ်ပိုင်ဆိုင် ဖွင့်နိုင်အောင် နည်းပညာနဲ့ အထောက်အကူ ပြုပစ္စည်းတွေကို ပံ့ပိုး ပေးကြတယ်။ လူငယ်တွေက မိုဘိုင်းလ်ဖုန်း ကို မက်မက်မောမော သုံးနေကြတာ ဆိုတော့ ကိုယ်တိုင်လည်း သုံးရင်း တစ်ဖက်ကလည်း ပြုပြင် ထိန်းသိမ်းမှုတွေ သိထားတော့ ဝန်ဆောင်မှု ပေးနိုင်ကြပြီး ဝင်ငွေလည်း ရလာတာပေါ့။ ဒါ လူငယ်တွေ အတွက် အခွင့်အရေး ကောင်းတစ်ခုပါပဲ .. '' ဟု မိုဘိုင်းလ်ဖုန်း သင်တန်းကျောင်း တစ်ခုတွင် တက်ရောက် နေသော သင်တန်းသား တစ်ဦး ကပြောသည်။

မကြာမီ တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆို ရတော့မည် ဖြစ်ရာ အဆိုပါ စာမေးပွဲများ ပြီးစီးသွားပါက မိုဘိုင်းလ်ဖုန်း ပြုပြင်ရေး သင်တန်းများတွင် တက်ရောက်မည့် လူငယ် အရေအတွက် ပိုမို တိုးပွားဖွယ် ရှိသည်ဟု
သင်တန်းကျောင်း အများစုက မျှော်လင့်ထား ပြီး မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု လုပ်ငန်းများမှ လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်းများစွာ ကိုလည်း ဖန်တီးပေးနိုင် လိမ့်မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

ဇော်ရဲ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment