Pages

Tuesday, March 31, 2015

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီများအား ပစ္စည်းများ ထောက်ပံ့ပေးမည့် ဆိပ်ကမ်းတည်ဆောက်ရန် စီစဉ်



ရန်ကုန် ၊ ၃၁-၃-၂၀၁၅

မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီများအား လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးပေးမည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စင်ကာပူ အခြေစိုက် ကုမ္ပဏီ တစ်ခုက စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက် ဆောင်ရွက် နေသည့် ကမ်းလွန်ရေနံ တူးဖော်ရေး ကုမ္ပဏီများ အတွက် လိုအပ်သော အရန် ပစ္စည်းများ ပံ့ပိုးပေးသည့် ကုမ္ပဏီများမှာ ထိုင်းနှင့် စင်ကာပူနိုင်ငံ ဆိပ်ကမ်းများတွင်ရှိပြီး မြန်မာနိုင်ငံ၌ မရှိသည့်အတွက် မြန်မာနိုင်ငံတွင် ထိုကဲ့သို့ လာရောက် တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ( MOGE ) မှ သိရသည်။

အဆိုပါ ဆိပ်ကမ်းကို မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သဲသောင်ပြင်နှင့် ကျိုက္ခမီတွင် တည်ဆောက်ရန် စီစဉ်ထားကြောင်း မွန်ပြည်နယ် အစိုးအရအဖွဲ့မှ သိရသည်။ အဆိုပါ ဆိပ်ကမ်းသစ် သည် ၁၉၃ ဧကနှင့် မြစ်ကမ်းအကျယ် ၄၆ ဧကရှိမည်ဖြစ် ပြီး မွန်ပြည်နယ် အစိုးရထံမှ နှစ် ၅ဝ ငှားရမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်း အကောင်အထည် ပေါ်လာပါက ၄င်းဆိပ်ကမ်းသည် မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီများအား လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးပေးမည့် ပထမဦးဆုံး ဆိပ်ကမ်း ဖြစ်မည်ဟု သိရသည်။

အဆိုပါ ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီများအား လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးပေးမည့် ဆိပ်ကမ်း တည်ဆောက်မည့် ကုမ္ပဏီသည် စင်ကာပူ အခြေစိုက် 2 fish ကုမ္ပဏီ၏ ကုမ္ပဏီခွဲ Myanmar Off shore Supply Base (MOSB) ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment