Pages

Tuesday, March 31, 2015

အမြန်လမ်းမကြီး အသုံးပြုခွင့် မှတ်ပုံတင်ဆောင်ရွက်ပြီး မော်တော်ယာဉ် ၂၅ စီးကို အသုံးပြု သွားလာခွင့်ပြုထားပြီးဖြစ်


ရန်ကုန် ၊ ၃၁-၃-၂၀၁၅

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ပန်းမန်၊ သား၊ ငါး၊ ကဏန်း နှင့် စာနယ်ဇင်း ကုန်စည်တင် ဝန်းရိုးသုံးခုပါ ၁ဝ ဘီးအထိ ကုန်စည်တင်ယာဉ် များကို မတ် ၁ဝ ရက်မှစ၍ စမ်းသပ်ကာလ သုံးလအဖြစ် အင်ဂျင်နီယာမှူး ကြီးရုံး၊ ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၊ နေပြည်တော် (စီလမ်းဆုံ) တွင် မှတ်ပုံတင် ဆောင်ရွက်စေပြီး အသုံးပြု သွားလာခွင့်ပြု ထားခဲ့ရာ မတ် ၂၈ ရက်အထိ မှတ်ပုံတင် ဆောင်ရွက်ပြီး မော်တော်ယာဉ် စုစုပေါင်း ၂၅ စီးကို အသုံးပြု သွားလာခွင့်ပြု ပေးထားပြီး ဖြစ်ကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

အမြန်လမ်းမကြီး အသုံးပြုရန် အတွက် ခွင့်ပြု ကုန်စည်တင်ယာဉ် များသည် Traffic Information Center မှ ယာဉ်စည်းကမ်း လိုက်နာမှုနှင့် Traffic Data အတွက် စောင့်ကြည့် ထိန်းချုပ်နိုင်ရန် Telematic  စနစ်ကို ဝန်ဆောင်ခ တစ်လ ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် တစ်နှစ်စာ အတွက် ငွေကျပ် ၂၄ဝဝဝဝ ကြိုတင်ပေးဆောင် ရမည် ဖြစ်သည်။

Telematic စနစ် တပ်ဆင်ပြီးသည့် ခွင့်ပြုကုန်စည် တင်ယာဉ် များသည် အမြန်လမ်းမကြီး ပေါ်တွင် မောင်းနှင်နေစဉ် အဆိုပါ မော်တော်ယာဉ် ၏ တည်နေရာပြ စနစ်၊ ခြေရာခံ စနစ်၊ စက်နှိုးထားချိန် ကြာမြင့်မှု၊ သတိပေး စနစ်၊ ခရီးစဉ် တစ်ခုချင်း၏ မှတ်တမ်း၊ ယာဉ်မောင်း၏ အမူအကျင့် မှတ်တမ်း၊ ယာဉ်မောင်းနှင်ပုံ၊ အကဲဖြတ် မှတ်တမ်း၊ မတော်တဆမှု ဖြစ်ခဲ့ပါက Black Box မှတ်တမ်း စသည့်အချက် များကို ယာဉ်ပိုင်ရှင် ကလည်း စောင့်ကြည့် သိရှိနိုင်မည် ဖြစ်သည်။

အမြန် လမ်းမကြီး အသုံးပြုခွင့် အတွက် မတ်၂၈ ရက်အထိ မှတ်ပုံတင် ဆောင်ရွက်ပြီး မော်တော်ယာဉ် စုစုပေါင်း ၂၅ စီးရှိနေပြီး ၁ဝ ဘီး ၂၃ တန်ယာဉ် လေးစီး၊ ခြောက်ဘီး ၁၆ တန်ယာဉ် သုံးစီး၊ ခြောက်ဘီး ၁၂ တန်ယာဉ် ငါးစီး၊ ခြောက်ဘီး ကိုးတန်ယာဉ် ၁၂ စီး၊ ငါးတန်ယာဉ် တစ်စီး တို့ဖြစ်သည်။

အဆိုပါ အမြန်လမ်း အသုံးပြုခွင့် နှင့်ပတ်သတ်၍ အသေးစိတ် သိရှိလိုပါက ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့ ဖုန်းနံပါတ် ဝ၆၇- ၈၁ဝဝ ၁၄၆ သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment