Pages

Thursday, March 19, 2015

အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားသော သုဓမ္မာဇရပ်များကို ယခုနှစ်ကုန်ပိုင်းတွင် သိန်းပေါင်း ၁၅၀၀၀ အကုန်အကျခံ ပြုပြင်သွားမည်



မန္တလေး ၊ ၁၉-၃-၂၀၁၅

မင်းတုန်းမင်း တရားကြီး လက်ထက်တွင် ဆောက်လုပ် တည်ထားခဲ့သည့် သုဓမ္မာ သာလာယံ ဇရပ်များထဲတွင် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားသော ဇရပ်များကို ၂ဝ၁၅ ခုနှစ် ကုန်ပိုင်းတွင် သိန်ပေါင်း ၁၅ဝဝဝ အကုန်ကျခံ ပြုပြင် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း သတ္တဌာနမှ မြန်မာ့ ဗိသုကာ ပညာရှင် တစ်ဦးက ပြောပြသည်။

မန္တလေး တောင်ခြေ သုဓမ္မာ သာလာယံ ဇရပ်တန်းတွင် မင်းတုန်းမင်း တရားကြီး ဆောက်လုပ် လှူဒါန်းခဲ့သော မူလဇရပ် အဆောင်ပေါင်း ၃၃ ဆောင်ရှိကြောင်း ၄င်းဇရပ် များထဲမှ လေဒဏ်၊ မိုးဒဏ် စသည့် ဘေးဒဏ် တို့ကြောင့် ပျက်စီးသွားသော ဇရပ်ပေါင်း ၁၄ ဆောင်ကို ပြန်လည်ပြုပြင် သွားမည် ဖြစ်သည်။ ထိုအဆောင် များသည် သတ္တဌာန အနီးရှိ ကျုံး၏ မြောက်ဘက်တွင် သုဓမ္မာ သာလာယံ ဇရပ်ဆောင် ခုနစ်ဆောင်၊ အနောက်ဘက်တွင် ငါးဆောင်၊ အရှေ့ဘက်တွင် နှစ်ဆောင်တို့ကို ဆောက်လုပ် ပြုပြင်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။

အဆိုပါ အဆောင်များ ဆောက်လုပ် ရာတွင်လည်း ရှေးမူ လက်ရာမပျက် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း၊ ရှေးမူမပျက် ဆောက်လုပ်ရာတွင် တာလပတ်ဖြင့် ပြုလုပ်သည့် တံခါး၊ စုလစ်မွမ်းချွန်၊ တန်ဆောင်း၊ ပြာသာဒ်၊ ဘုံခုနစ်ဆင့် တို့ဖြင့် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့က ပျက်စီးနေတဲ့ ဇရပ်တွေကို ပြုပြင် ဆောက်လုပ် နေပါတယ်။ နောက်ထပ်လဲ ဇရပ် ၁၄ ဆောင်ကို ရှေးမူမပျက် ဆောက်လုပ်ဖို့ ရှိပါတယ်။ အဲဒီ အဆောင်တွေထဲက ခြောက်ဆောင်က အလှူရှင်တွေ ရှိနေပါပြီ။ နောက်ထပ် ကျန်ရှိတဲ့ ဇရပ် ရှစ်ဆောင်အတွက် အလှူရှင်တွေ ရှိလာရင် ၁၄ ဆောင်လုံးကို တစ်ပြိုင်တည်း ရှေးမူမပျက် ဆောက်လုပ် သွားမှာ ဖြစ်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါဇရပ်များ ဆောက်ပြီးသွား ပါက စာဖြေ သံဃာတော်များ နားနေနိုင်မည် ဖြစ်ကြောင်း၊ ထို သုဓမ္မာ ဇရပ်တော်တွင် သံဃာ စာဖြေဌာနများ ထားရှိမည် ဖြစ်ပြီး သံဃာတော်အပါး ၅ဝဝ ဖြေဆိုနိုင် ရန် စီစဉ်ပေးထားမည် ဖြစ်ကြောင်း၊ ထိုဇရပ်တွင် မူရင်း ပိဋကတ်စာပေ များကို ထားပေးမည် ဖြစ်ပြီး ခေတ်မီ နည်းပညာများဖြင့် လေ့လာနိုင်ရန် ကွန်ပျူတာ၊ တက်ပလက်များ ထားရှိစီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment