Pages

Monday, March 30, 2015

ပင်လယ်ကမ်းခြေ ဒေသများသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှု မြင့်တက်



ရန်ကုန် ၊ ၃၀-၃-၂၀၁၅

နွေရာသီ ခရီးသွား ရာသီသို့ ရောက်ရှိလာသည့် အချိန်တွင် ပြည်တွင်း ခရီးသွား ဧည့်သည်များ အနေဖြင့် မိသားစုလိုက် အနားယူ အပန်းဖြေ ခရီးများ ထွက်လေ့ ရှိသည့်နေရာ များတွင် ပြည်တွင်း ခရီးသွား ဧည့်သည်များ အများဆုံး သွားရောက် လည်ပတ်သည့် နေရာ ဒေသများမှာ ပင်လယ်ကမ်းခြေ ဒေသများပင် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ထိုသို့ သွားရောက်အပန်းဖြေ ကြသည့် ပင်လယ် ကမ်းခြေဒေသ များတွင် ချောင်းသာ ကမ်းခြေ နှင့် ညောင်ချောင်းသာ (ခ) ရန်ကင်းသာ ကမ်းခြေတို့မှာ အပန်းဖြေ သူများနှင့် အထူးပင် စည်ကားနေပြီး ညအိပ် သွားရောက် လည်ပတ်နိုင်သည့် ချောင်းသာ ကမ်းခြေသည် ဝင်ရောက် လာသည့် ခရီးသွား ဧည့်သည်များ များပြား မှုကြောင့် ဟိုတယ်အခန်း များသည် လုံလောက်မှု မရှိသည် အထိ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ခရီးသွား ဧည့်သည် ဝင်ရောက်မှု အမြင့်ဆုံး ကာလဖြစ်သည့် ယခုလမှ စတင်၍ အပန်းဖြေ အနားယူသူ များဖြင့် စည်ကား နေသည့် ချောင်းသာ ကမ်းခြေတွင် ဟိုတယ်အခန်း လိုအပ်ချက် ရှိနေသည့် အတွက် ဒေသခံများက ၄င်းတို့ပိုင်သည့် ကမ်းခြေနှင့် နီးသည့် အိမ်ရာများအား တည်းခိုခန်း သဖွယ် ငှားရမ်းမှု များလည်း မြင့်တက်လျက် ရှိသည်။

ထို့အပြင် ညောင်တုန်း မြို့နယ် ညောင်ချောင်းသာ (ခေါ် ) ရန်ကင်းသာ ကမ်းခြေ တွင်လည်း ပြည်တွင်း ခရီးသွား များသည် ပိုမို များပြားလျက် ရှိနေပြီး အဆိုပါ ကမ်းခြေမှာ ညပိုင်း အချိန်များတွင် ကမ်းခြေကို ဆင်းခွင့် မရှိသည့် အပြင် ကမ်းခြေနှင့် နီးကပ်သည့် နေရာများ တွင်လည်း ဟိုတယ်များနှင့် တည်းခိုခန်းများ မရှိသည့် အတွက် လာရောက် လည်ပတ်သည့် ပြည်တွင်း ခရီးသွား ဧည့်သည်များ မှာ နေ့ချင်းပြန်သာ လာရောက်မှု များပြားနေခြင်း ဖြစ်ကြောင်း ကမ်းခြေ တာဝန်ရှိ သူများက ပြောသည်။

ချောင်းသာ ကမ်းခြေမှာ လက်ရှိတွင် ဧည့်သည်တွေ ပြည့်နေ သကဲ့သို့ သင်္ကြန် ပိတ်ရက်များ အတွက်လည်း အခန်းကို ကြိုတင် မှာယူမှု အနေဖြင့် ၇ဝ ရာခိုင်နှုန်းခန့် ရရှိနေပြီ ဖြစ်ကြောင်း ချောင်းသာ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချောင်းသာ ကမ်းခြေရှိ ဟိုတယ်များ အနေဖြင့် သင်္ကြန် ကာလအတွင်း ဟိုတယ် အခန်းခ များသည် ဈေးတက်လေ့ ရှိသည်မှာ အခန်း အရေအတွက် နှင့် လာသည့် ဧည့်သည် အရေအတွက်မှာ မျှတမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ဈေးတက် သော်လည်း တက်သည့် ဈေးနှင့်အညီ ဝန်ဆောင်မှု ကိုလည်း တန်အောင် ပြန်ပေးကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ဟိုတယ်ဇုန် အနေဖြင့် ဖျော်ဖြေရေး ပွဲများကို လုပ်ရန် မရှိသော်လည်း ဟိုတယ်တစ်ခုချင်း အနေဖြင့် ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ကံထူး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment