Pages

Tuesday, March 10, 2015

တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနများကို ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် ထပ်မံတိုးချဲ့


ရန်ကုန် ၊ ၁၀-၃-၂၀၁၅

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် စာစစ် ဌာနများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ထပ်မံတိုးချဲ့ ပေးထားကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန များကို တိုးပေးထား ရခြင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဖြေဆိုရန် စာရင်းပေးသွင်း ထားသော ကျောင်းသား၊ ကျောင်းသူ ဦးရေ ခြောက်သိန်း သုံးသောင်းကျော် ရှိပြီး နိုင်ငံခြား စာစစ်ဌာန ၂၁ ခုအပါအဝင် စာစစ် ဌာနပေါင်း ၁၃၇၆ ခုအထိ ရှိမည် ဖြစ်သောကြောင့် ဖြစ်သည်။ တက္ကသိုလ်ဝင် စာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာန အလိုက် ပြည်နယ် နှင့် တိုင်းဒေသကြီး များမှ ပညာရေးမှူးများ၊ ညွှန်ကြားရေးမှူး များက ကြီးကြပ် စီစဉ်ပြီး ဖြေဆိုနိုင်ရေး အတွက် စီစဉ် ပေးထားကြောင်း သိရသည်။

ထို့အပြင် ယခင် စာစစ်ဌာနများ ဖွင့်လှစ်မှု နည်းခဲ့သော လားရှိုးနှင့် ကွမ်းလုံ ဒေသများတွင် စာစစ်ဌာနများကို ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန များအား တိုးချဲ့ဖွင့်လှစ် ပေးသကဲ့သို့ တက္ကသိုလ်ဝင် စာမေးပွဲအား ယခင်နှစ်များက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး အလိုက် မေးခွန်း ၁ဝ မျိုး ထုတ်ကာ မဲစနစ်ဖြင့် ခွဲဝေ စစ်ဆေးသည့် စနစ်ကို ကျင့်သုံးခဲ့ရာမှ ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မေးခွန်း တစ်မျိုးတည်း ဖြင့်သာ စစ်ဆေးမည့် စနစ်အား ကျင့်သုံး သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်မှ စတင်ကာ ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးများ တိုးတက် လာစေရေး မြန်မာ့ ပညာရေး စနစ်များကို ပြောင်းလဲ အသုံးပြု လာခဲ့သည်။ ထို့အပြင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မရိုးသားသည့် နည်းလမ်း အသုံးပြုကာ ဖြေဆိုမှုများ တွေ့ရှိပါက ယင်းကဲ့သို့ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ များကို တင်းကျပ်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စာစစ်ဌာန ပတ်ဝန်းကျင် နေရာများတွင် ကျောင်းသား၊ ကျောင်းသူများ မရိုးသားသည့် နည်းလမ်း အသုံးပြုဖြေဆို နိုင်ရန် အားပေးသည့် အနေဖြင့် စာရွက်စာတမ်း များကို တရားမဝင် မိတ္တူကူး ရောင်းချ ပေးနေသော ဆိုင်များကိုလည်း စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲအား မတ် ၁၁ ရက်မှ စတင်၍ မြန်မာစာ ဖြေဆိုရမည် ဖြစ်ပြီး ၁၂ ရက်တွင် အင်္ဂလိပ်စာ၊ ၁၃ ရက်တွင် သင်္ချာ၊ ၁၄ ရက်တွင် စိတ်ကြိုက် မြန်မာစာ၊ ၁၆ ရက်တွင် ဓာတုဗေဒ၊ ၁၇ ရက်တွင် ရူပဗေဒ၊ ၁၈ ရက်တွင် ဇီဝဗေဒ၊ ဘောဂဗေဒ၊ ၁၉ ရက်တွင် ပထဝီဝင်နှင့် ၂ဝ ရက်တွင် သမိုင်း ဘာသာရပ်များ ဖြေဆိုကြ ရမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြဝတီနေ့စဉ်

No comments:

Post a Comment