Pages

Wednesday, March 25, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းဆရာ မှတ်ပုံတင် လျှောက်ထားသူများပြား



ရန်ကုန် ၊ ၂၅-၃-၂၀၁၅

၂ဝ၁၅ -၂ဝ၁၆ ပညာသင်နှစ် အတွက် ကိုယ်ပိုင်ကျောင်း များ၏ ကျောင်းဆရာ မှတ်ပုံတင် လျှောက်ထားခြင်းကို စတင် လက်ခံလျက်ရှိရာ ယခု ပညာသင်နှစ်တွင် ပြီးခဲ့သည့် ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက လာရောက် လျှောက်ထားသူ များပြားလာကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ကိုယ်ပိုင်ကျောင်း များ၏ ကျောင်းဆရာ လျှောက်ထားသူများ အနေဖြင့် ပြည်တွင်း ပြည်ပ တက္ကသိုလ် တစ်ခုခုမှ ပါရဂူဘွဲ့  သို့မဟုတ် ပညာရေးဘွဲ့ ရရှိထားသူ၊ ပြည်တွင်း ပြည်ပ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာ အတတ်ပညာ ပိုင်းဆိုင်ရာ ဒီပလိုမာ လက်မှတ် ရရှိသူ၊ ပြည်တွင်း ပြည်ပ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားပြီး ပညာရေးဝန်ကြီး ဌာနမှ ဖွင့်လှစ်သည့် ဆရာ အတတ်ပညာ ရက်တို သင်တန်းဆင်း လက်မှတ် ရရှိထားသူ၊ ပြည်တွင်း ပြည်ပ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံပညာ ကျောင်းတွင် ဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာရပ်ဆရာ အဖြစ် အနည်းဆုံး လုပ်သက်ငါးနှစ် ရှိသူ စသည့် သတ်မှတ်ချက် တစ်ခုခုနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ကြောင်းနှင့် လျှောက်လွှာများကို မတ် ၃၁ ရက် နောက်ဆုံးထားပြီး လက်ခံပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်ကျောင်း ကျောင်းဆရာ လျှောက်ထားမှု အတွက် ဥပဒေပုဒ်မ ၁၇ နှင့် ကိုက်ညီသည့် မည်သူမဆို လျှောက်ထားနိုင်ပြီး လျှောက်ထားသူများ အနေဖြင့် အသက် ကန့်သတ်ချက် မရှိ လျှောက်ထား နိုင်ကြောင်း၊
ကိုယ်ပိုင်ကျောင်း များ၏ ကျောင်းဆရာ ဖြစ်ရန် အထက်ပါ အချက်အလက် များနှင့် ကိုက်ညီပါက ပညာရေး ဝန်ကြီးဌာန အနေဖြင့် လူတွေ့ စစ်ဆေးခြင်းများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်သည်။

ကိုယ်ပိုင်ကျောင်း များကို ၂ဝ၁၂ ခုနှစ်က တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၆၆ ကျောင်း ဖွင့်လှစ်ခွင့်ပြု ခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီး ဌာနမှ ကိုယ်ပိုင်ကျောင်း ပေါင်း ၂ဝဝ ခန့် ဖွင့်လှစ်ခွင့်ပြု ထားကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment