Pages

Thursday, March 19, 2015

တီဘီရောဂါ


တီဘီရောဂါ

ကူးစက်ရောဂါ တစ်မျိုးဖြစ်သည့် တီဘီ (tuberculosis) ရောဂါကို ၁၈၆၅ ခုနှစ်တွင် စတင် သိရှိခဲ့ပြီး ၁၈၈၂ ခုနှစ်တွင် ဂျာမနီ သိပ္ပံပညာရှင် Robert Koch က ရောဂါပိုးကို တွေ့ရှိခဲ့သည်။ ၁၉၄၃ ခုနှစ် ရောက်မှသာ တီဘီရောဂါကု ဆေးကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ပြီး လူ့အသက်ပေါင်း များစွာကို ကယ်တင် နိုင်ခဲ့သည်။

ယခုအခါ တီဘီရောဂါကို ခြောက်လဆေး သောက်ပါက ပျောက်ကင်းနိုင်သည်။ ထို့ကြောင့် တီဘီဆေးကို သတ်မှတ် အချိန်ကာလ ပြည့်မီအောင် သောက်ပေးရုံဖြင့် ရောဂါ ပျောက်ကင်းရန် ရာနှုန်းပြည့် သေချာနေပြီဖြစ်သည်။ သို့သော် တီဘီရောဂါ ကုသမှုတွင် အထူး သတိပြုရမည့် အချက်မှာ ဆေးယဉ်ပါး တီဘီ မဖြစ်စေရန် လိုသည်။

တီဘီရောဂါအတွက် တစ်နေ့တာ သောက်ဆေး အရေအတွက် များပြားခြင်း၊ ခေါင်းမူး အော့အန်ခြင်း၊ မောပန်း နွမ်းနယ်ခြင်း တို့ကြောင့် အချို့ ဆေးသောက်ရက် ပျက်ကွက်ခြင်း ရှိတတ်သည်။ ဤသို့ဖြင့် ဆေးယဉ်ပါး တီဘီအဆင့်သို့ ရောက်သွား တတ်သည်။ ဆေးပုံမှန် သောက်ရာမှ ရက်ပျက်သွားလျှင် တစ်ကနေ ပြန်စပြီး အစကနေ စသောက်ရသည်။ ဝေဒနာရှင်များ အထူး သတိထား ရမည့်အချက် ဖြစ်သည်။

ဆေးယဉ်ပါး တီဘီရောဂါကို ၁၉၈ဝ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ၌ စတင်တွေ့ရှိ ခဲ့သည်။ ယခုအခါ ကမ္ဘာအနှံ့ တွေ့ရှိနေရပြီ ဖြစ်ကာ မြန်မာနိုင်ငံ တွင်လည်း မြို့နယ် ၃၈ မြို့နယ်၌ မြန်မာနိုင်ငံ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းဖြင့် ဆေးယဉ်ပါး တီဘီရောဂါကို စနစ်တကျ ကုသပေးလျက် ရှိကြောင်း သိရသည်။

တီဘီရောဂါပိုး သည် လေထဲ၌ ပျံ့နှံ့ ရှင်သန်နိုင်ပြီး လူအများသို့ အလွယ်တကူ ကူးစက်နိုင်သည်။ ဝေဒနာရှင် တစ်ဦးထံမှ တစ်နှစ်အတွင်း လူ ၁ဝ ဦးသို့ ရောဂါကူးစက် နိုင်သည်။ ထိုသို့ ကူးစက်ရာတွင် ကိုယ်ခန္ဓာ အစိတ်အပိုင်း၌ ဖြစ်နေသူထက် အဆုတ် ဝေဒနာရှင် များထံမှ ကူးစက်ခံရ သူက ပိုများကြောင်း သိရသည်။

တီဘီရောဂါ ပိုးသည် လေထဲတွင် ရှင်သန်နေနိုင် သော်လည်း နေရောင်ခြည် ကောင်းစွာ ရရှိသော လေထုထဲတွင် မိနစ်ပိုင်းမျှသာ ရှင်သန်နိုင်ပြီး လေအေးပေးစက် ဖွင့်ထားသော အခန်းထဲတွင် ရက်ပိုင်းမှ လပိုင်းအထိ ရှင်သန် နိုင်ကြောင်း ပညာရှင်များက သတိပေး ထားသည်။

သို့ဖြစ်ရာ တီဘီရောဂါသည် အနာသိ ဆေးရှိပြီး ဖြစ်သောကြောင့် ဆရာဝန်များ၏ ညွှန်ကြားချက် အတိုင်း လိုက်နာ သောက်သုံး ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေသော ရောဂါဖြစ်သည်။

ထို့ကြောင့် တီဘီဆေးကို ရက်ပျက်မရှိ သောက်သုံး ပေးပါက ဆေးယဉ်ပါးမှုမှ ကာကွယ် နိုင်သည့် အပြင် တီဘီရောဂါ လည်း လုံးဝ ပျောက်ကင်းစေမည် ဖြစ်၍ တီဘီ ဝေဒနာရှင် များက စနစ်တကျ သောက်သုံး ပေးခြင်းဖြင့် တီဘီရောဂါ ဆိုးကို အမြစ်ပြတ်အောင် ဝိုင်းဝန်း လုပ်ဆောင်ကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment