Pages

Monday, March 2, 2015

တောင်သူလယ်သမား တို့၏ သန္နိဋ္ဌာန်


တောင်သူလယ်သမား တို့၏ သန္နိဋ္ဌာန်
.
၂ဝ၁၅ ခုနှစ် မတ်လ ၂ရက်နေ့ ယနေ့သည် မြန်မာနိုင်ငံ၏ တောင်သူ လယ်သမားနေ့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျေးလက်နေ တောင်သူ လယ်သမား တို့သည် နိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် နိုင်ငံဖြစ်သည်။
.
မြန်မာနိုင်ငံ၏ အခြေခံ လူတန်းစား ဖြစ်သော တောင်သူ လယ်သမားများ၏ ဘဝတိုးတက် မြင့်မားရေး အတွက် နိုင်ငံတော်မှ ဆင်းရဲမှု လျှော့ချရေး၊ လယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုး တိုးတက်ရေး စီမံချက်ချ ဆောင်ရွက်လျက် ရှိသည်။ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက် မှသာ နိုင်ငံတော်၏ အခြေခံ လူတန်းစားများ ဆင်းရဲမှု လျော့ကျမည် ဖြစ်သည့်အတွက် မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးကို နိုင်ငံတော်က ဆောင်ရွက်ပေး နေခြင်း ဖြစ်သည်။
.
လယ်ယာကဏ္ဍ ဖွံ့ဖြိုးရန် လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်ချက် များဖြင့် ငွေကျပ် ၅၆၂ သန်းကျော် တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာ များကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်း၊ ငွေကျပ် ၁၄၆ သန်းတန်ဖိုးရှိ လုပ်ငန်းသုံး ဆိုင်ကယ်များကို ရောင်းချပေးခြင်း၊ စိုက်ပျိုးရေး သွင်းအားစုများအတွက် ငွေကျပ် ၅၇၁၂ သန်း ထုတ်ချေးပေးခြင်း တို့ကို သမဝါယမ ဝန်ကြီးဌာန က ဆောင်ရွက် ပေးလျက် ရှိသည်။
.
လယ်ယာကဏ္ဍ ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး နှင့် လယ်ယာမရှိ သူများ လယ်ယာ လုပ်ကိုင်နိုင်ရေး တို့အတွက် လယ်ယာသစ်များ ထပ်မံတိုးချဲ့ ဖော်ထုတ်ခြင်း၊ အထွက်နှုန်းတိုး စိုက် ပျိုးရေး နည်းပညာများ ဖြန့်ဖြူးပေးခြင်း၊ စုပေါင်း လယ်ယာများ ဖော်ထုတ်ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ နိုင်ငံတော်မှ အခြေခံ လူတန်းစားများ ဖြစ်ကြသည့် တောင်သူ လယ်သမား ဦးကြီးများ၏ လူမှုဘဝ တိုးတက်မြင့်မား လာစေရေး အတွက် အဘက်ဘက်မှ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ နိုင်ငံတော်၏ အဓိက လူတန်းစား ဖြစ်သော တောင်သူများကို အသိအမှတ်ပြု ဂုဏ်ပြု သောအားဖြင့် နှစ်စဉ် မတ်လ ၂ ရက်နေ့ကို တောင်သူ လယ်သမားနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
.
ထိုသို့ တောင်သူ လယ်သမား ဦးကြီးတို့အား နိုင်ငံတော်က လူမှုဘဝ တိုးတက် မြင့်မားရေး ဆောင်ရွက်ပေးနေ သကဲ့သို့ တောင်သူ လယ်သမား ဦးကြီးတို့ အနေဖြင့်လည်း မိမိဘဝ တိုးတက်ရေး၊ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေး၊ ဥစ္စာရင်လို ဥစ္စာရင်ခဲ စိုက်ပျိုး နည်းပညာများ လေ့လာ၍ စနစ်တကျ စိုက်ပျိုးခြင်း၊ သွင်းအားစု အရင်းအနှီး များကို အလဟဿ မဖြစ်စေဘဲ အကျိုးရှိရှိ အသုံးပြုခြင်း၊ စိုက်ပျိုး ထွက်ရှိသည့် ထွက်ကုန်များကို အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်ခြင်း၊ စနစ်တကျ သိုလှောင်ဖြန့်ဖြူး၍ အလေအလွင့် နည်းပါးစေခြင်း တို့ဖြင့် မိမိတို့၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားအောင် ဆောင်ရွက် သွားကြရမည် ဖြစ်သည်။
.
သို့ဖြစ်ရာ ယခု မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် တောင်သူ လယ်သမားနေ့ တွင် နိုင်ငံတော် က တောင်သူများကို အသိအမှတ်ပြု ပံ့ပိုး၍ ဆင်းရဲမှု လျော့ကျရေး ဆောင်ရွက် နေသကဲ့သို့ တောင်သူဦးကြီး များကလည်း မိမိတို့၏ လူမှုဘဝ တိုးတက် မြင့်မားရေးကို စိတ်ရောကိုယ်ပါ သန္နိဋ္ဌာန်ချ အကောင် အထည်ဖော် ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။
.
( အယ်ဒီတာ့အာဘော် )
.
#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment