Pages

Saturday, March 21, 2015

တပ်မတော်စစ်ကြောင်း များက ပွိုင့်- ၁၉၆၅ တောင်ကုန်းအား သိမ်းပိုက်ရရှိ



နေပြည်တော် ၊ ၂၀-၃-၂၀၁၅

တပ်မတော် စစ်ကြောင်းများက လော်ကွာကျိုင်း မြောက်ဘက်ရှိ သောင်းကျန်းသူများ အခိုင်အမာ ခြေကုပ်ယူ ခုခံလျက် ရှိသော ပွိုင့်-၁၉၆၅ တောင်ကုန်းအား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ထိုးဖောက် တိုက်စစ်ဆင်နွှဲ ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ၄င်းတောင်ကုန်းအား သိမ်းပိုက် ရရှိခဲ့သည်။ ၄င်း တောင်ကုန်း ပေါ်တွင် လူ ၂ဝဝ ခန့် ကောင်းစွာ တပ်ဖြန့်နိုင်သော ဗုံးခိုကျင်းများ၊ ခေါင်ကတုတ်ပါ ပစ်ကျင်းများ၊ မြေခွေးကျင်း များနှင့် လူနေတဲကြီး ၁ဝ လုံးခန့် တို့အား တည်ဆောက် အခြေပြု ထားကြောင်း သိရှိရသည်။ အလားတူ ပွိုင့်- ၁၉၆၅ ၏ မြောက်ဘက်ရှိ ပွိုင့်- ၁၉၅၁ နှင့် ပွိုင့်- ၁၉၆၈ အပါအဝင် အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်း များအား လေကြောင်းမှ တိုက်ခိုက်ချေမှုန်း ခဲ့သည်။

ထို့အပြင် မတ် ၁၉ ရက်တွင် နှစ်နိုင်ငံ နယ်စပ်နှင့် မီတာ ၁၅ဝဝ ခန့်အကွာရှိ သောင်းကျန်းသူတို့ အတွက် အရေးကြီးသော စစ်နည်းဗျူဟာ လိုအပ်ချက် တောင်ကုန်းများ ဖြစ်သည့် ပွိုင့်- ၁၅၆၄ နှင့် ရှင်ခုတ်ထန် မြောက်ဘက် တောင်ကြောတို့အား ထိုးစစ်ဆင် တိုက်ခိုက်၍ သောင်းကျန်းသူ အင်အားစုများ အား ရင်ဆိုင်ထိန်းချုပ် တိုက်ခိုက်လျက် ရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ် များတွင် ကိုးကန့် သောင်းကျန်းသူ ထံမှ တရုတ်စက်လက် တစ်လက်၊ ကျည်မျိုးစုံ ၇၁ဝ တောင့်၊ လက်ပစ်ဗုံး ခြောက်လုံး၊ TNLA ယူနီဖောင်း တစ်စုံ၊ ကိုးကန့် သောင်းကျန်းသူ ယူနီဖောင်း ၁ဝ စုံ၊ မြန်မာ/ ရခိုင် ဘာသာ မှတ်စုစာအုပ် တစ်အုပ် နှင့် လူ ၂ဝဝ ခန့် အသုံးပြု နိုင်သော အုပ်ချုပ်မှု အထောက်အကူပြု ပစ္စည်းမျိုးစုံ တို့အား သိမ်းဆည်း ရရှိခဲ့သည်။ တပ်မတော်မှ စစ်သည်သုံးဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ပြီး အရာရှိ၊ စစ်သည် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment