Pages

Thursday, February 5, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr. Goh Chok Tong အား လက်ခံ တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr. Goh Chok Tong အား လက်ခံ တွေ့ဆုံ


နေပြည်တော် ၊ ၅-၂-၂၀၁၅

မြန်မာ - စင်ကာပူ သံတမန် ဆက်ဆံရေး နှစ်(၅ဝ)ပြည့် မြောက်သော ကာလ ဖြစ်သကဲ့သို့ စင်ကာပူနိုင်ငံ လွတ်လပ်ရေး နှစ် (၅ဝ)ပြည့် ရွှေရတု ကာလတွင် တွေ့ဆုံ ရသဖြင့် စင်ကာပူနိုင်ငံ အတွက် ဆုမွန်ကောင်း ပို့သပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းမှု ကာလမှာ သက်တမ်း နုနယ်သေး ပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး တို့တွင် ပူးပေါင်း ပါဝင်၍ ကြိုးပမ်း လုပ်ဆောင် နေပါကြောင်း ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့် ခန်းမဆောင် ၌ စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr. Goh Chok Tong အား လက်ခံတွေ့ဆုံ ရာတွင် ဆွေးနွေး ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr. Goh Chok Tong နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Mr. Robert Chua နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ရှိလျှောက်လှမ်းလျက်ရှိသော ဒီမိုကရေစီ လမ်းကြောင်းသည် ပြည်သူက ရွေးချယ်ထားခြင်းဖြစ်၍ ခိုင်မြဲစေရန် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်း လုပ်ဆောင်နေကြောင်း၊ နိုင်ငံတော် သမ္မတကြီး၏ လုပ်ဆောင်ချက်များ အောင်မြင်စေရန်လည်း ထောက်ခံပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက်ရှိ လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတွက် အလွှာအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲထားခြင်း ဖြစ်သောကြောင့် ပြင်ဆင်ရန်လိုအပ်ပါက ဥပဒေနှင့်အညီ လုပ်ဆောင်ရန်လိုကြောင်း၊ ဒီမိုကရေစီခေတ်တွင် လူတိုင်းသည် ဥပဒေနှင့် အညီ ပြုမူနေထိုင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တပ်မတော်၏ စီးပွားရေးလုပ်ငန်း များသည် တပ်မတော်သား မိသားစုဝင်များ၊ စစ်မှု ထမ်းဟောင်းများ၏ သက်သာ ချောင်ချိရေး၊ လူမှုရေး လုပ်ငန်းများအတွက် အဓိက လုပ်ဆောင်နေခြင်းဖြစ်သလို တစ်ဖက်မှလည်း အမြတ်ရရှိရေးထက် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူပြုရန် စဉ်းစား လုပ်ဆောင်နေခြင်းဖြစ်ပြီး သင့်လျော် သည့်အချိန်တွင် အများပိုင်စီးပွားရေး လုပ်ငန်းများအဖြစ် ဆောင်ရွက် သွားရန်ရှိကြောင်း ဆွေးနွေး ပြောကြားသည်။

Mr. Goh Chok Tong က မြန်မာနိုင်ငံ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် တပ်မတော် အနေဖြင့် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေမှု၊ နိုင်ငံတော် တည်ငြိမ်ရေး နှင့် လုံခြုံရေး တို့တွင် တပ်မတော် ၏ မရှိမဖြစ် အရေးပါ မှုတို့အား သိရှိနားလည် ပါကြောင်း၊ ပြည်သူများ အနေဖြင့် ဒီမိုကရေစီ အတွေ့အကြုံ နည်းပါးပြီး စမ်းသပ်ကာလ ဖြစ်နေခြင်း ကြောင့် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် များ ရှိနေခြင်းသည် မြန်မာနိုင်ငံရေး အခြေအနေ ကို တည်ငြိမ်စေ ပါကြောင်း၊ ရေရှည်ကာလ နိုင်ငံတည်ငြိမ် အေးချမ်းမှုများ ရရှိလာပါက လျှော့ချ သွားသင့် ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် သယံဇာတ အပေါ် အမှီပြုနေ ရခြင်းထက် ကုန်ထုတ် လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းများ များစွာ လုပ်ဆောင် နေရသည့် အတွက် နိုင်ငံတော် ဘတ်ဂျတ်သည် အရေးကြီး သဖြင့် လိုအပ်ချက် ပြည့်စုံစွာ မရနိုင် ကြောင်း၊ မိမိ ရည်မှန်းချက် လုပ်ငန်း တာဝန်များကို ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ်သည် ကိုလည်း စာနာ ပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် အကြား ဆက်ဆံရေး အထူး ကောင်းမွန်လျက် ရှိပြီး ဆက်လက် တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြင့် ပြန်လည် ဆွေးနွေး ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက် ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ် များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် စင်ကာပူ သမ္မတ နိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr. Goh Chok Tong တို့သည် အဖွဲ့ဝင် များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

Mr. Goh Chok Tong သည် စင်ကာပူ ဝန်ကြီးချုပ် တာဝန်ကို ၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာမှ ၂ဝဝ၄ ခုနှစ် သြဂုတ်အထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၂ဝဝ၄ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ဝန်ကြီးချုပ် လီရှန်လုံး ဦးဆောင်သည့် အစိုးရအဖွဲ့ တက်ရောက်ချိန် မှစ၍ အစိုးရအဖွဲ့ ဝါရင့်ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် ဂုဏ်ထူးဆောင် ဝါရင့် ဝန်ကြီးဘွဲ့ အပ်နှင်း ခံရပြီး စင်ကာပူ ငွေကြေး အာဏာပိုင်များ အဖွဲ့၏ ဝါရင့် အကြံပေး  အဖြစ် တာဝန်ပေးခြင်း ခံရသည်။

လက်ရှိ အာဏာရ ပီအေပီ ပါတီတွင်လည်း ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်တစ်ဦး အဖြစ်မှ အထွေထွေ အတွင်းရေးမှူးချုပ် အထိ ရာထူး အဆင့်ဆင့်ကို တာဝန်ယူ ဆောင်ရွက် နေကြောင်း သိရှိရပြီး စင်ကာပူနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးဆောင် ခဲ့သည့် ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment