Pages

Monday, February 2, 2015

မန္တလေးမြို့တွင်းရှိ လမ်းမကြီးများ ပေါ်တွင် နေ့စဉ် ယာဉ်သွားလာမှု နှစ်သန်းခန့်ရှိပြီး မော်တော်ဆိုင်ကယ် အသုံးပြုမှု ၇၀ ရာခိုင်နှုန်းခန့်ရှိ



မန္တလေး ၊ ၂-၂-၂၀၁၅

မန္တလေးမြို့တွင်း ရှိ လမ်းမကြီးများ ပေါ်တွင် မော်တော်ကား၊ ဆိုင်ကယ်နှင့် စက်ဘီး သွားလာမှုများ မှာ နေ့စဉ် နှစ်သန်းခန့် ရှိပြီး လမ်းများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များကြောင့် ယာဉ်ကြော ရှုပ်ထွေးမှုများ ဖြစ်ပေါ် နေရကြောင်း မြို့တွင်း ယာဉ်ကြော ရှုပ်ထွေးမှု ဖြေရှင်းရေး နှင့် အနာဂတ် မြို့တွင်း သယ်ယူ ပို့ဆောင်ရေး စနစ် စာတမ်းများ အရ သိရသည်။

ထို့ပြင် မြို့တွင်းလမ်းဘေး များရှိ ဆိုင်ခန်းရှင် အချို့၏ ''ယာဉ်မရပ်ရ'' ဆိုင်းဘုတ် များကြောင့် ယာဉ်ကြောများ အသုံးပြု မရဖြစ်ခြင်း၊ လမ်းအကွေ့ များတွင် ယာဉ်ရပ်နား ထားမှုကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်း၊ ဆိုင်ကယ်များ လမ်းဘေးတွင် စည်းကမ်းမဲ့စွာ ရပ်နားထားခြင်း တို့ကြောင့် ယာဉ်ကြော များမှာ ပိုမိုရှုပ်ထွေး၊ ကျဉ်းမြောင်း လာရကြောင်း သိရသည်။ ထို့ပြင် လူသွားလမ်း ပေါ်တွင် ဈေးဆိုင်များ တည်ခင်း ရောင်းချခြင်း၊ လူသွားလမ်း များပေါ်တွင် ယာဉ်များ ရပ်တန့်ခြင်း တို့အပါအဝင် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ ၏ အဓိက မြို့တော်တစ်ခု ဖြစ်သည့် အတွက် နယ်မြေတိုးချဲ့ လာမှုမှာလည်း မြန်ဆန်လျက် ရှိပြီး ၂ဝ၄ဝ ပြည့်နှစ်တွင် ၂ ဒသမ ၅သန်းမှ ၄ သန်းအထိ လူဦးရေ တိုးတက်လာ နိုင်ကြောင်း မြို့ပြ ပညာရှင် များ၏ ခန့်မှန်းချက်များ အရ သိရသည်။

၂ဝ၁၄ ခုနှစ် သြဂုတ်လ စာရင်းများအရ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း မြန်မာပြည်တွင် ခရီးသည်တင် ကား ၃ဝ ရာခိုင်နှုန်း တိုးတက်လာပြီး လူ ၁၅ ဦးလျှင် မော်တော်ယာဉ် တစ်စီးနှုန်းခန့်၊ နှစ်ဘီးတပ် ယာဉ် ၇၈၃၈၉၉ စီးတွင် ဆိုင်ကယ် ၆၆၃၈၉၉ စီးနှင့် စက်ဘီး ၁၂ဝဝဝဝ စီး၊ လူနှစ်ဦးလျှင် ဆိုင်ကယ်တစ်စီး ခန့်ဖြင့် သွားလာလျက် ရှိကြောင်း သိရသည်။ ခန့်မှန်းခြေ သွားလာမှုများ အရ သုည ဒသမ ၄၅ သန်းခန့်ရှိသော စက်ဘီးများနှင့် ၁ ဒသမ ၅ သန်းခန့် ရှိသော ဆိုင်ကယ်များ ၊ ကိုယ်ပိုင်ကား သွားလာမှု သုည ဒသမ ၁သန်း မှ သုည ဒသမ ၂ သန်း၊ အများသုံးယာဉ် များမှာ သုည ဒသမ ဝ၅ သန်းခန့် ရှိကြောင်း သိရသည်။

မန္တလေးမြို့သည် အာရှမြို့ကြီးများ ဖြစ်သည့် တိုင်ပေ၊ တိုကျို၊ ဆိုးလ်၊ ရှန်ဟိုင်း၊ ဗန်ကောက်၊ ဂျကာတာ၊ မနီလာ၊ ဟိုချီမင်း မြို့ကြီးတို့ထက် မော်တော်ဆိုင်ကယ် အသုံးပြုမှု အများဆုံး ဖြစ်ပြီး ၇ဝ ရာခိုင်နှုန်း ခန့်ရှိ၍ စက်ဘီးမှာ ၂ဝ ရာခိုင်နှုန်း၊ ကား ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အများသုံး ဘတ်စ်ကား ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် သာ ရှိကြောင်း သိရသည်။

ရေရှည်ဖွံ့ဖြိုး တိုးတက်မှုမှာ အများသုံး သွားလာရေး စနစ်၏ တိုးတက်မှု၊ တည်ငြိမ်သော ယာဉ်ကြော သွားလာမှုတို့ ဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေးကို အဓိက ထားသော ဖွံ့ဖြိုး တိုးတက်မှုမှာ ရထားများ နှင့် မြို့တွင်း ဘတ်စ်ကား များ ပေါင်းစပ် လုပ်ကိုင်မှု၊ အဓိက နေရာများနှင့် ချိတ်ဆက် ထားသော သွားလာမှုစနစ်၊ သင့်လျော်သော နှုန်းထား သတင်း အချက်အလက်၊ သက်သောင့် သက်သာရှိမှု စသည်တို့ အပြင် မြို့ပတ်လမ်းများ၊ ယာဉ်ကြော ဆိုင်ရာ စီမံခန့်ခွဲမှု၊ ပုံမှန်ဖြစ်သော ယာဉ်ကြော ပိတ်ဆို့မှု အဓိကနေရာ များ၏ ယာဉ်ရပ်နားမှု ဆိုင်ရာ မူဝါဒများ၊ ပတ်ဝန်းကျင် နှင့် ကိုက်ညီမှုရှိသော လူသွားလမ်း များ စသည်တို့ ပါဝင်ကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment