Pages

Wednesday, February 25, 2015

ဒိုင်းဂျောဘုခ ( အဆင်ပြေလား )


ဒိုင်းဂျောဘုခ ( အဆင်ပြေလား )

ဇော်နောင်ဟိန်း ( GUITER )

ပြည်ပထွက် အလုပ်လုပ်၊ ကျောင်းတက် ဆိုတာတွေ အားကောင်း ခဲ့တဲ့ အချိန်က ပိုက်ဆံချမ်းသာတဲ့ မိဘတွေနဲ့ တတ်နိုင်သူ တွေက သား၊ သမီးတွေကို နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စီစဉ်ပေးကြ ပါတယ်။ အခုချိန်ထိလဲ ရှိနေဆဲ ပါပဲ။ ဒီနေရာမှာ ဘယ်နိုင်ငံတွေ ရွေးချယ်ကြသလဲ ဆိုရင် အဓိကအားဖြင့် စင်ကာပူနဲ့ ဂျပန်က အများဆုံး ပါပဲ။ အင်္ဂလန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေ သွားကြတာ ရှိပေမယ့်လဲ မြန်မာတွေ အတွက် အရင်းနှီးဆုံးလို့ ပြောရမှာ ကတော့ စင်ကာပူနဲ့ ဂျပန်ပါပဲ။ ငွေကြေး ကုန်ကျမှု သက်သာတဲ့ စင်ကာပူသွား၊ ကျောင်းတက်ရင်း အလုပ်လုပ်။ အဲဒီကနေ အမှတ်ကောင်းရင် အင်္ဂလန် ကူးနိုင်တဲ့ အခွင့်အရေး ရှိတာမို့ စင်ကာပူကို ကြိုက်ကြတာပါ။ တစ်ခါ ကမ္ဘာမှာ လုပ်အားခ အမြင့်ဆုံးလို့ ထင်ရှားတဲ့ ဂျပန်ကိုသွားရင် ပိုက်ဆံပိုပြီး စုမိဆောင်းမိ နိုင်တယ်။ အလုပ်အကိုင် ပေါတယ်။ ယဉ်ကျေးမှု အားဖြင့်လဲ နီးစပ်တယ် ဆိုတဲ့အတွေး တွေနဲ့ပါ။

မိဘတွေဆိုတာ ကတော့ သားသမီးကို ဆင်စီးမြင်းရံ စေချင်တာ ပါပဲ။ အလကား ဆင်စီးမြင်းရံ ခံချင်လို့တော့ မရပါဘူး။ မြင်းရံတဲ့ ဆင်ကိုစီးဖို့ လိုအပ်တဲ့ အရည်အချင်း တွေရှိနေရမှာပါ။ ဒီအတွက် မိဘတွေ ကြိုးစား နေကြတာပါ။ သားသမီးတွေလဲ ခက်ခက်ခဲခဲ ကြိုးစားကြ ရတာပါ။ မိဘအိမ်မှာ ပေါ့ပေါ့ပါးပါး နေခဲ့တဲ့ သူတွေက နိုင်ငံခြား ရောက်ပြီ ဆိုတာနဲ့ သံပတ် ပေးထားတဲ့ စက်ရုပ် တစ်ရုပ်လိုပဲ။ ကျောင်းတက် ပြီးရင် ၁ နာရီ ယန်း ၉ဝဝ ရတဲ့ အချိန်ပိုင်း အလုပ်လုပ်။ အိမ်ပြန် ရောက်ရင် ချက်ပြုတ် စားပြီး အိမ်စာလုပ်။ ည ၁၂ နာရီထိုးမှအိပ်။ မနက် ၅ နာရီထ။ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းတွေဆိုလဲ ဒီလိုပဲ။ Overtime ကို ည ၉ နာရီ၊ ၁ဝ နာရီ အထိလုပ်ရတာ။ အိမ်ပြန်ရောက်မှ ချက်ပြုတ်စား။ ညဥ့်နက်မှအိပ်။ မနက် ၇ နာရီ အလုပ်ဆင်း နိုင်ဖို့ ၅ နာရီလောက် ကထပြီး ပြင်ဆင်ရတာ။ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက် တွေမှာ နဂိုရာမြို့ မှာနေတဲ့သူက တိုကျို သွား၊ တိုကျိုမှာ နေတဲ့သူက နဂိုရာ လာ စသဖြင့် ဂျပန်နိုင်ငံ အနှံ့ လေ့လာရေး ခရီးဆက်ကြ ရပါတယ်။ ''ဘာလို့ အဲဒီလောက် လုပ်နေရတာတုန်း။ ပိတ်ရက်အိမ်မှာ နားပေါ့'' လို့ပြောစရာပါ။ ဒါပေမဲ့လဲ မနားနိုင်ပါဘူး။ တစ်သက်လုံး နေရမယ့် နေရာမဟုတ်လို့ ရောက်တဲ့အချိန် ရသလောက် ယူရမှာပါ။

ပြည်ပမှာ နေထိုင်ရင်း ရခဲ့တဲ့ အတွေ့အကြုံ တွေဟာ ငွေနဲ့ဝယ်လို့ မရတဲ့ အတွေ့အကြုံ ကောင်းတွေပါ။ ပိုက်ဆံရှိလို့ အလည်အပတ် သွားတာ၊ Sponsor ကောင်းလို့သွားတာ တွေနဲ့ မတူပါဘူး။ အလည်အပတ် သွားတယ် ဆိုတာကတော့ လမ်းတွေ ကောင်းတယ်။ တံတားတွေ ကောင်းတယ်။ သန့်ရှင်း သပ်ရပ်တယ်။ တိုက်ကြီးတွေ အမြင့်ကြီးပဲ ဆိုတဲ့ အပေါ်ယံ အမြင်တွေကို သိလိုက်ရမှာပါ။ ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ သူတို့ရဲ့ စိတ်ရင်း အမှန်ကိုတော့ နှစ်ရှည်လများ နေခဲ့တဲ့ သူတွေကသာ သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပြည်ပမှာ ကျောင်းတက်ခဲ့ သူတွေ၊ အလုပ်လုပ်ခဲ့ သူတွေကို လစာ ကောင်းကောင်း ပေးပြီးပြည်တွင်း ကုမ္ပဏီတွေ က ခေါ်ယူ နေကြတာ ဖြစ်ပါတယ်။

ဂျပန်မှာနေခဲ့တဲ့ မိတ်ဆွေ တစ်ယောက်က သူ့ရဲ့ အဖြစ်အပျက် လေးကို ရင်ဖွင့်ပါတယ်။ ဂျပန် သွားရမယ် ဆိုတော့ အကျိုးဆောင်ကို အိမ်ဂရန် အပါအဝင် Deposit အနေနဲ့ ငွေကျပ်သိန်း ၅ဝ တင်ရတဲ့ အကြောင်း နောက် ဒေါ်လာ ၄၅ဝဝ ကန်တော့ရတဲ့ အကြောင်း ပြောပြပါတယ်။ စပေါ်သိန်း ငွေကျပ် ၅ဝ တင်ရုံနဲ့ မရဘဲ အိမ်ဂရန်တင် ရတာကတော့ ပြည်ပရောက်ရင် ထွက်ပြေးတတ်ကြ လို့ပါ။ အကျိုးဆောင် ကွဲလွဲချက်မှာ ပမာဏ ကွာခြားချက်လဲ ရှိနိုင်ပါတယ်။ ဒီ အခြေအနေထိ အကျိုးဆောင် ဘက်က ပြင်ဆင် ထားပေမယ့်လဲ ထွက်ပြေးတဲ့ ဖြစ်စဉ်တွေ ကတော့ ရှိနေဆဲပါပဲ။ ထွက်ပြေးတယ် (လုပ်ငန်း အပြောင်းအလဲ လုပ်ခြင်း) ဆိုတာကလဲ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ လုပ်ငန်းတွင်း အဆင်မပြေမှု တွေက စတဲ့ပြဿနာ တွေပါ။ ဖြစ်ချင်တော့ ဂျပန်မှာ သုံးနှစ်နေတဲ့ ကာလမှာပဲ သူကတခြား ကုမ္ပဏီကို ပြောင်းရွှေ့ သွားခဲ့တာပါ။ အမှန်တော့ အပြောင်းအရွှေ့ လုပ်လို့မရတဲ့ အခြေအနေပါ။ အလုပ်ခေါ်တဲ့ ကုမ္ပဏီနဲ့ အဆင်မပြေတာ တွေရှိလို့ တခြားကို ထွက်သွား ခဲ့ပါတယ်။ ဒီတော့ ပြန်လာတဲ့ အချိန်မှာ သူ့အနေနဲ့ ပေးစရာတွေ ရှိနေသလို ရစရာတွေလဲ ရှိနေပါတယ်။

Deposit သိန်း ၅ဝ ကလဲ သူနဲ့ အကျိုးဆောင်နဲ့ Joint ထိုးပြီးအပ်ခဲ့တာမို့ ဘယ်သူမှ ထုတ်မရပါဘူး။ အိမ်ဂရန်လဲ ပြန်မရသေး ပါဘူး။ ဒေါ်လာ ၄၅ဝဝ ကတော့ ဂျပန်ကို သွားမယ့်သူ တွေက ဂါရဝကြေး ပေးရမယ် ဆိုတာ မသွားခင် ကတည်းက ပြောထားတာမို့ သူက ပေးရမှာပါ။ သို့သော် သူ့ဘက်က ဖြေရှင်းချက်က ''ကျွန်တော်ဂျပန်မှာ ကြုံခဲ့ရတဲ့ အခက်ခဲ တွေကို သူက အကျိုးဆောင် အနေနဲ့ဘာမှ ဆောင်ရွက် မပေးတဲ့အတွက် မပေးနိုင်ဘူး '' တဲ့။ တစ်ဖက်ကလဲ ငွေကျပ်သိန်း ၅ဝ နဲ့ ဘဏ်မှာ အပ်ထားခဲ့ တဲ့အတွက် အတိုး အပါအဝင် ကန်တော့ကြေး ဒေါ်လာ ၄၅ဝဝ ကို ရလိုကြောင်း တရားစွဲလိုက် ပါတယ်။ အကျိုးဆောင် ကတော့ သူလိုချင်တာ ရရင် အိမ်ဂရန် ပြန်ပေးမှာပါ။ တစ်ဖက်ကလဲ ''ပြည်ပမှာ ခံစားခဲ့ရတဲ့ အခက်အခဲတွေ ကနေ လွတ်မြောက် လာခဲ့ပြီ မှတ်တာ ပြည်တွင်းမှာ ဆက်ပြီး နောက်ဆက်တွဲ ဝေဒနာတွေ ခံစား နေရတယ်'' တဲ့။ အဖြေက အခုထိ မထွက်သေး ပါဘူး။ ရန်ကုန်မှာ ဖြစ်နေတဲ့၊ ဖြစ်နေဆဲ အမှုတစ်ခုပါ။

လေးနှစ်ကျော် ကြာခဲ့ပါပြီ။ ဒီအမှုတစ်ခုက ဘာကြောင့်များ ဒီလောက် ကြာနေရတာလဲ။ စဉ်းစားစရာပါ။ အလုပ်ရှင်၊ အလုပ်သမားကြား ဖြစ်တဲ့ ပြဿနာ၊ အကျိုးဆောင်နဲ့ အလုပ်သမားကြား က ပြဿနာဆိုတာ ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ထူးဆန်းတာက လေးနှစ် ကျော် ကြာနေရတဲ့အကြောင်းပါ။

''ဆင်စီးမြင်းရံတာ မခံရသေးခင် ဆင်နင်းမြင်းကန်တာ ခံနေရပြီ'' တဲ့။

သူငယ်ချင်း ''ဒိုင်းဂျောဘုခ'' (အဆင်ပြေလား) လို့ မေးလိုက် ချင်ပါတယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment