Pages

Wednesday, February 18, 2015

ဧရာဝတီမြစ် ကို လာရောက် လေ့လာသည့် နိုင်ငံခြားခရီးသွား ဧည့်သည်အရေအတွက် တိုးမြင့်လာစေရန် နိုင်ငံတော် နှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၈-၂-၂၀၁၅

ဧရာဝတီမြစ်၏ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် နှင့် မြစ်အတွင်းရှိ ငါးသယံဇာတ များကို လာရောက် လေ့လာကြသော နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် အရေအတွက် သည် ယခုနှစ် ခရီးသွား ရာသီတွင် သိသိသာသာ လျော့နည်း သွားခြင်းကြောင့် အရေအတွက် ပြန်လည် တိုးမြင့် လာစေရန် နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဧရာဝတီမြစ် ကို လာရောက် လေ့လာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည် အရေအတွက် ကျဆင်း လာရခြင်းမှာ ၄င်းခရီးသွား ဧည့်သည်များ ၏ နေထိုင်ရေး နှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို အချိတ်အဆက် မိစေရန် စီစဉ် ဆောင်ရွက် ပေးနိုင်မှု အားနည်းခြင်း၊ ကျွမ်းကျင်သော ဧည့်လမ်းညွှန်များ မပါဘဲ လိုက်လံ ရှင်းလင်း ပြသသော လုပ်ငန်းများ လုပ်ဆောင် နေကြခြင်းနှင့် ဝန်ဆောင်မှု စရိတ် မြင့်တက်လာခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။

ယခုအခါ ဧရာဝတီမြစ်ကို လာရောက် လေ့လာသော နိုင်ငံခြား ခရီးသွား ဧည့်သည် အရေအတွက် မြင့်တက် လာစေရန် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်းပြီး ဧရာဝတီမြစ် နှင့် ပတ်သက်သော သင်တန်းများ ပို့ချခြင်း ကို သက်ဆိုင်ရာမှ ပြည်တွင်း၌ စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။

ယင်း သင်တန်းတွင် ဧရာဝတီမြစ် ၏ ပတ်ဝန်းကျင် ဂေဟစနစ်၊ မြစ်အတွင်း ကျင်လည် ကျက်စား နေသော ဧရာဝတီ လင်းပိုင်များ အပါအဝင် ရေနေ သတ္တဝါများ၊ ငါး သယံဇာတများ အကြောင်းကို စနစ်တကျ သင်ကြား ပို့ချပေးမည့် အပြင် လုပ်ငန်းခွင် အသိ အမှတ်ပြု သင်တန်းဆင်း လက်မှတ်များ ကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ အသိအမှတ်ပြု လက်မှတ် မရှိပါက ဧရာဝတီ မြစ်အတွင်း လှည့်လည် လေ့လာကြ သော နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကို လိုက်လံ ရှင်းလင်းပြသ လမ်းညွှန်ခွင့် မပြုရန် စည်းကမ်းချက်များ ချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment