Pages

Wednesday, February 25, 2015

ဘ၀မှတ်တိုင် ကိုယ်စီစိုက်ထူ


ဘ၀မှတ်တိုင် ကိုယ်စီစိုက်ထူ

လူသားအများစုသည် လူလောကထဲ ရောက်လာပြီး အများအကျိုး ရှိစေသည့် ဘဝမှတ်တိုင်များ မစိုက်ထူဘဲ လူ့လောကထဲမှ ပြန်ထွက် သွားကြကုန်သည်။ ဘဝမှတ်တိုင် ဟူသည် မွေးဖွားသည် မှ သေဆုံးသည် အထိ ပြုလုပ်သူ၏ ကြိုးစား အားထုတ်မှု၊ လုပ်ကိုင် ဖန်တီးမှုများ ဖြစ်သည်။ ဘဝမှတ်တိုင် များသည် မိမိနှင့်တကွ မိမိ ပတ်ဝန်းကျင်၊ ဒေသရပ်ရွာ၊ နိုင်ငံ အစရှိသည်တို့ အတွက် အကျိုးကျေးဇူး ဖြစ်ထွန်း စေနိုင်သည်။ ထိုသို့သော ဘဝမှတ်တိုင် စိုက်ထူခဲ့သူ များမှာ လူ့လောက၌ ရှားပါးလှသည်။

လူ့လောကထဲ ရောက်လာပြီး သက်တမ်းစေ့ နေထိုင်သွား သူတိုင်းသည် လူသားတို့ အတွက် တစ်ခုခုကျန်အောင် ဘဝမှတ်တိုင် ထားခဲ့သင့်သည်။ အချို့မှာ ဘဝ တစ်လျှောက်လုံး မည်သည့် အားထုတ် လုပ်ကိုင်မှုများမှ မရှိဘဲ မထင်မရှား ပြန်လည်ထွက်ခွာ သွားကြသည်မှာ နှောင်းလူတို့ အတွက် ဝမ်းနည်းဖွယ်ရာပင် ကောင်းလှသည်။ အလုပ်သမား၊ လယ်သမား တို့က အလုပ်လုပ်၍ ကုန်ထုတ်စွမ်းအား တိုးမြှင့် ပေးကြသည်။ သိပ္ပံပညာရှင် များက တီထွင်ဖန်တီး ပေးကြသည်။ ဝိဇ္ဇာ ပညာရှင်များက အသိပညာကို မြှင့်တင် ပေးခဲ့ကြသည်။ ဤသို့လျှင် ကျရာကဏ္ဍမှ အလုပ်လုပ်၍ ဘဝမှတ်တိုင်များ စိုက်ထူ ခဲ့ကြသည်။

အားလုံးသော ထိုပုဂ္ဂိုလ် အပေါင်းတို့က ဘဝမှတ်တိုင်များ စိုက်ထူပေးခဲ့၍ နှောင်းလူတို့ အကျိုး ကျေးဇူးများ ခံစားနေရခြင်း ဖြစ်သည်။  ထို့အတူ နှောင်းလူတို့ ကလည်း ဘဝမှတ်တိုင်များ စိုက်ထူပေး ခဲ့သင့်သည်။ အနိမ့်ဆုံး မိမိ မိသားစုအတွက် တိုးတက်အောင် ဆောင်ရွက်လုပ်ကိုင် ပေးခြင်းဖြင့် ဘဝမှတ်တိုင် စိုက်ထူသင့်သည်။ ထိုမှ နိုင်ငံနှင့်လူမျိုး အကျိုးရှိစေမည့် တိုးတက် ပြောင်းလဲမှု များဖြစ်အောင် လုပ်ကိုင် ဖန်တီးပေး ရမည် ဖြစ်သည်။

ယနေ့ကာလ တိုးတက်နေသော နိုင်ငံများကို လေ့လာပါက ရှေ့က တီထွင်ဖန်တီး လုပ်ကိုင် ဆောင်ရွက်မှုများ အပေါ် ကောင်းသည်ထက် ကောင်းအောင် ဆက်လက်အားထုတ် ခဲ့ကြသည်။ ထို့ကြောင့်လည်း တဖြည်းဖြည်း တိုးတက်ခဲ့ကြ ရသည်။ ရှေ့ကလူတို့ စိုက်ထူခဲ့ကြသော ဘဝမှတ်တိုင် များကို နှောင်းလူတို့ လက်ဆင့်ကမ်း သယ်ဆောင်သွား ကြသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ လူတိုင်းလူတိုင်း ဘဝမှတ်တိုင်များ ကိုယ်စီ၊ ကိုယ်င စိုက်ထူသွားကြမည် ဆိုပါက တစ်နည်းအားဖြင့် ဆိုရပါမူ လူတိုင်းလူတိုင်း အများအကျိုး ရွက်သယ်ပိုး သွားကြမည် ဆိုပါက လူများ နေထိုင်ရာ မြေကမ္ဘာကြီးသည် တဖြည်းဖြည်း တိုးတက်ပြောင်းလဲ လာမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment