Pages

Tuesday, January 6, 2015

ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှကြီးမှူး၍ KIA အဖွဲ့မှ အဓမ္မ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသော လူငယ်များအား ဆွမ်းသွတ်အမျှဝေခြင်း နှင့် ဖမ်းဆီးလူငယ်များ ပြန်လည် လွတ်မြောက်ရေး ဆုတောင်း မေတ္တာပို့ အခမ်းအနား ကျင်းပပြုလုပ်


KIA အဖွဲ့မှ အဓမ္မဖမ်းဆီး သတ်ဖြတ်ခြင်း ခံရသော လူငယ်များအား ဆွမ်းသွတ် အမျှဝေခြင်းနှင့် ဖမ်းဆီးခံ လူငယ်များ ပြန်လည် လွတ်မြောက်ရေး ဆုတောင်း မေတ္တာပို့ အခမ်းအနား ကျင်းပစဉ်

ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင် ဦးစီး၍ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဈေးလမ်းမကြီး - မြို့နယ် တရားရုံး လမ်းအတိုင်း လမ်းလျှောက် ကြစဉ်

မြစ်ကြီးနား ၊ ၆-၁-၂၀၁၅

ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့မှ ကြီးမှူး၍ ၂ဝ၁၅ ခုနှစ်၊ အမေများနေ့ အကြို မိခင်ချင်း ကိုယ်ချင်း စာနာစိတ်ဖြင့် KIA အဖွဲ့မှ အဓမ္မဖမ်းဆီး သတ်ဖြတ်ခြင်း ခံရသော လူငယ်များအား ဆွမ်းသွတ် အမျှဝေခြင်း နှင့် ဖမ်းဆီးခံ လူငယ်များ ပြန်လည် လွတ်မြောက်ရေး ဆုတောင်း မေတ္တာပို့ အခမ်းအနားကို ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက် ရပ်ကွက်၊ ဝန်းသို ကျောင်းတိုက်ဝင်း အတွင်း၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ် အတွင်းရှိ မြို့နယ် ပေါင်းစုံမှ ဖမ်းဆီးခံ ထားရသော လူငယ်များ၏ မိဘနှင့် ဆွေမျိုးသားချင်း များ၊ ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့မှ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ထို့နောက် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင် ဦးစီး၍ ဝန်းသို ကျောင်းတိုက်မှ ဈေးလမ်းမကြီး - မြို့နယ် တရားရုံး လမ်းအတိုင်း ''လက်နက်ရှိသူက လက်နက် မရှိသူများအား အနိုင်ကျင့် စော်ကားမှု အလိုမရှိ''၊ ''ဖမ်းဆီးခံ ရှမ်းလူငယ်များ အမြန်ဆုံး ပြန်လွှတ်ပေး''၊ ''ကျွန်ုပ် တို့သည် ကချင်ကို မမုန်းပါ''၊ ''မီဒီယာများ အမှန်တရားကို မျှတစွာ ဖော်ပြကြပါ''၊ ''ငြိမ်းချမ်းရေး အမြန်ဆုံး ရအောင် ဖော်ဆောင်ကြပါ''၊ ''အဓမ္မ တပ်သားသစ် စုဆောင်းသည့် လက်နက်ကိုင် အဖွဲ့ အလိုမရှိ''၊ ''ပြည်သူလူထုထံ အဓမ္မ ဆက်ကြေး ကောက်ခံသည့် လက်နက်ကိုင် အဖွဲ့ အလိုမရှိ''၊ ''လူဖမ်း၊ မိုင်းထောင်၊ ဆက်ကြေးကောက်၊ လမ်းတံတားဖျက်၊ ပြည်သူ့အကျိုး မဆောင် တောတွင်း လက်နက်ကိုင် အဖွဲ့ အလိုမရှိ''၊ ''လယ်ယာ လုပ်ငန်းခွင် ၌ မိုင်းထောင်၊ တံတားဖျက်သည့် လက်နက်ကိုင် အဖွဲ့အလိုမရှိ''၊ ''လူ့အခွင့်အရေး ချိုးဖောက် နေသည့် လက်နက်ကိုင် အဖွဲ့ အလိုမရှိ'' စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လမ်းလျှောက် ထွက်ခွာခဲ့ပြီး သီတာရပ်ကွက် ရှိ ဆုတောင်းပြည့် စေတီတော် ရင်ပြင်ပေါ် သို့ သွားရောက် ကြသည်။

ယင်းနောက် အဆိုပါ ဆုတောင်းပြည့် စေတီရှိ ဓမ္မာရုံ အတွင်း၌ သံဃာတော်များ ပင့်ဆောင်ကာ KIA အဖွဲ့ကြောင့် သေဆုံးသွား သူများအား ရည်စူး၍ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်ခြင်း၊ ရေစက်ချ အမျှပေး ဝေခြင်း များ ဆောင်ရွက်ကြသည်။

ယင်းသို့ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ ဥက္ကဋ္ဌ က ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် အမေများနေ့အား ကြိုဆို၍ ကေအိုင်အေ အဖွဲ့အတွင်း ရောက်ရှိနေသော အဓမ္မ စုဆောင်းခြင်း ခံရသူ လူငယ်များ အတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ကေအိုင်အေ အဖွဲ့အတွင်း ရောက်ရှိသော ရှမ်းလူငယ် များသည် ၁၅ ရက် ခန့်သာ စစ်ပညာ သင်ယူစေပြီး တိုက်ခိုက် စေသဖြင့် အသေအဆုံး များစွာ ရှိကြောင်း၊ ၄င်း လူငယ်များအား ရည်စူး၍ ဘဝကူး ကောင်းမွန် စေရန်အတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ မြို့ပေါ်တွင် နေထိုင်ရသော ရှမ်းလူမျိုး များမှာ လုံခြုံမှု ရှိသော်လည်း တောတောင် ကြားတွင် နေထိုင်ရသော ရှမ်းလူမျိုး အချို့အား ကိုယ်ချင်းစာနာ ပေးစေလိုကြောင်း၊ ရှမ်းလူမျိုး များသည် နှိပ်စက် သတ်ဖြတ်မှု ကို နှစ်ပေါင်း ၅ဝ ကျော် ခံစားခဲ့ ရကြောင်း စသည်ဖြင့် ပြောကြား ခဲ့ကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment