Pages

Wednesday, January 7, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်များ၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်စေရန် ခရီးသွားဇုန် နယ်မြေကော်မတီများ ဖွဲ့စည်းသွားမည်



ရန်ကုန် ၊ ၇-၁-၂၀၁၅

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်ကြသော ကမ္ဘာလှည့် ခရီးသွားများ နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ၄င်းတို့ သွားရောက် လည်ပတ်သော ဒေသများ၌ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ လာပါက အလျင်အမြန် ကူညီ ဆောင်ရွက် ပေးနိုင်စေရန် ခရီးသွားဇုန် နယ်မြေ ကော်မတီများကို နိုင်ငံတစ်ဝန်းရှိ ပြည်နယ် နှင့် တိုင်းဒေသကြီး အားလုံး၌ ဖွဲ့စည်း တည်ထောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား အရေအတွက် တိုးမြင့်လာပြီး ထိုသို့ လာရောက်ကြသော နိုင်ငံခြားသား များသည် ယဉ်ကျေးမှု နှင့် ဓလေ့စရိုက်များ ကွဲပြား ခြားနားသောကြောင့် ၄င်းတို့ အားလုံးအတွက် အတတ်နိုင်ဆုံး အဆင်ပြေရေး စီစဉ် ဆောင်ရွက်ပေး နိုင်စေရန်နှင့် အခက်အခဲများ ကြုံတွေ့ လာပါက အမြန်ဆုံး ကူညီဖြေရှင်း ပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ခရီးသွားဇုန် နယ်မြေ ကော်မတီများကို ဒေသအသီးသီး ၌ ဖွဲ့စည်းသွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ခရီးသွားဇုန် နယ်မြေ ကော်မတီ များကို သက်ဆိုင်ရာ နယ်မြေများရှိ ဒေသခံ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း တည်ထောင်မည် ဖြစ်ပြီး ကော်မတီများမှ တင်ပြလာသော ဒေသအတွင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် တင်ပြချက်များကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက် ထားသော လုပ်ငန်းပေါင်း ၁၅ဝဝ ကျော်နှင့် ဖွဲ့စည်းထား ပြီးသော ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်း အဖွဲ့ပေါင်း ၁၉ ဖွဲ့ခန့်ရှိရာ ခရီးသွား ဇုန်နယ်မြေ ကော်မတီဝင် အကြီးအကဲ များကို ၄င်းအသင်းအဖွဲ့ များနှင့် ခရီးသွား လုပ်ငန်းများမှ ဦးစားပေး စိစစ်ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment