Pages

Tuesday, January 20, 2015

ကလေးများ အ၀မလွန်စေရန် ပီဇာ လျှော့စားသင့်



ဝါရှင်တန် ၊ ၂၀-၁-၂၀၁၅

အချိုရည်နှင့် အမြန်ရ အစားအစာ များကဲ့သို့ပင် ပီဇာ သည်လည်း ကလေးငယ်များ အတွက် ကျန်းမာရေးနှင့် ညီညွတ်ခြင်း မရှိသည့် အတွက် ကလေးများ ပီဇာ စားသုံးမှုကို အထူး လျှော့သင့်ကြောင်း အမေရိကန် သုတေသီ များက ဆိုသည်။

''ပီဇာမှာ ဆား နဲ့ အဆီတွေ အများအပြား ပါဝင်တဲ့ အတွက် ကယ်လိုရီ သိပ်များ ပါတယ်။ ဒါကြောင့် ပီဇာစားမယ် ဆိုရင်တောင် တစ်ချပ်၊ နှစ်ချပ် ထက် မပိုသင့် ပါဘူး။ အဲဒီ တစ်ချပ်၊ နှစ်ချပ်ကိုလဲ တခြား ကယ်လိုရီမြင့် အစားအစာ တွေနဲ့ တွဲဖက်မစားဘဲ အသီးအရွက်တွေ နဲ့ပဲ တွဲဖက် စားသင့် ပါတယ် ..''ဟု သုတေသီ တစ်ဦးက ပြောသည်။

ကလေးသူငယ် များ၏ အဓိက အစားအစာ  ထဲတွင် ပီဇာ ပါဝင် လာပြီးနောက် သုတေသီ များက ဂရုတစိုက် စောင့်ကြည့်ခဲ့ရာ ကလေးများသည် လူကြီးများထက် ပီဇာ စားသည့် အကြိမ်ရေ ပိုကြောင်း၊ မုန့်စား ရာတွင်လည်း ကိတ်၊ ကွတ်ကီး တို့နှင့်အတူ ပီဇာကို အဓိက စားပြန်ကြောင်း၊ ပီဇာ စားခြင်းကြောင့် တစ်နေ့လျှင် ၁၃၆ ကယ်လိုရီ ထက်မနည်း တိုးလာလေ့ ရှိကြောင်း သိရသည်။

၂ဝဝ၃ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အတွင်း အမေရိကန် ပြည်ထောင်စု တွင် ကလေး သူငယ်များ ပီဇာမှ ရရှိသော ကယ်လိုရီမှာ ၂၅ ရာခိုင်နှုန်း လျော့ကျခဲ့ သော်လည်း ကလေးနှင့် ဆယ်ကျော်သက် အရွယ် ၂ဝ ရာခိုင်နှုန်း ခန့်က ပီဇာကို နေ့စဉ်နှင့် အမျှ စားသောက် နေဆဲဖြစ်ကြောင်း၊ ပီဇာ စားသော ကလေးများက ကယ်လိုရီ ၂၃ဝ ပိုစားမိလေ့ ရှိကြောင်း၊ ယင်း ကယ်လိုရီ ပမာဏမှာ အချိုရည် နှင့် အမြန်ရ အစားအစာ စားသောက်သော ကလေးများ က ရရှိသော ကယ်လိုရီနှင့် ညီမျှသည်။

''ဒီအတိုင်း ဆိုရင် ကလေးတွေ ပီဇာ လျှော့စားမှ ရပါမယ်။ ဒါမှ မဟုတ်ရင် ပီဇာတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်ပေး ရပါမယ်။ ပီဇာထဲ ထည့်သုံးတဲ့ အဆီနဲ့ အငန်ဓာတ် တွေကို လျှော့ချပြီး ဂျုံကို ပိုသုံးပေး ရပါမယ် ... '' ဟု ကျန်းမာရေး ပါရဂူ တစ်ဦးက ပြောသည်။

ထို့ပြင် ကလေးငယ်များ ပီဇာ စားသောက်မှု ကို ထိန်းချုပ် လျော့ချ နိုင်ရန်မှာ မိဘများ အသိပညာ ဗဟုသုတ ကြွယ်ဝရန်လည်း လိုအပ်သည့် အတွက် အမေရိကန် ပြည်ထောင်စု ရှိ မိဘများကို ကျန်းမာရေး ပညာပေး ဆွေးနွေးရာတွင် ကလေးငယ် များကို အာဟာရ ညီညွတ် မျှတစွာ ကျွေးတတ်ရန် ဆွေးနွေး အကြံပေး နေပြီး ပီဇာ စားသုံးမှု ကိုလည်း လုံးဝ လျှော့ချခိုင်း ထားကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment