Pages

Monday, January 5, 2015

ပင်းတယရွှေဥမင် ဘုရားကြီး ဓာတ်လှေကား အသစ်တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး



ပင်းတယ ၊ ၅-၁-၂၀၁၅

ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ရှိ ရွှေဥမင် ဘုရားကြီး၏ ဓာတ်လှေကားသစ် တစ်စင်းကို ထပ်မံ၍ အသစ် တည်ဆောက်လျက် ရှိရာ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 

တိုးများလာသော ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ မှ အသက်အရွယ် ကြီးသူများ၊ ကျန်းမာရေး မကောင်းသူများ နှင့် ဘုရားဖူး လာသော ရဟန်းရှင်လူ ပြည်သူအပေါင်း သက်သာစွာဖြင့် ဘုရားဖူး နိုင်ရန် ရည်ရွယ်၍ ဓာတ်လှေကား အသစ် တစ်စင်းကို ထပ်မံ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်လူ ၁၅ ဦးဆံ့ Korea SIGMA အမျိုးအစား ဓာတ်လှေကား ကို ရန်ကုန် Fortune International Ltd. မှ ကုန်ကျငွေပေါင်း အမေရိကန် ဒေါ်လာ တစ်သိန်း ရှစ်သောင်းဖြင့် ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခု လူ ၂၄ ဦးဆံ့ ကိုရီးယား ဟွန်ဒိုင်း အမျိုးအစား ဓာတ်လှေကားကို ရန်ကုန် ဆုလာဘ်ရွှေပြည် ဆောက်လုပ်ရေး ကုမ္ပဏီမှ ၂ဝ၁၃ ခုနှစ် ဇူလိုင်လမှ စတင်၍ ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၆၄ဝ၅ဝဝ၊ မြန်မာကျပ်ငွေ သိန်း ခုနစ်ထောင် ကျော်ဖြင့် တာဝန်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်လှေကား တည်ဆောက်ရန် ရန်ပုံငွေ အနေဖြင့် ပြည်ပခရီးသွား တစ်ဦးလျှင် Zone Fee အတွက် နှစ်ဒေါ်လာ၊ ဘုရားဖူး ဝင်ကြေး သုံးဒေါ်လာဖြင့် ကောက်ခံ ခဲ့ကြောင်း သိရသည်။

ယခုလက်ရှိ ထပ်မံ တည်ဆောက်သည့် ဓာတ်လှေကား ၏ မြန်နှုန်းမှာ တစ်မိနစ်လျှင် မီတာ၆ဝ (ပေ၁၈ဝ) ဖြစ်သည်။ အဆိုပါ ဓာတ်လှေကား သည် အရှည် ၄၈ဝဝ မီလီမီတာ၊ အချင်း ၁၈ဝဝ မီလီမီတာ၊ အလေးချိန် ၁၆ဝဝ ကီလိုဂရမ် နှင့် သုံးဖက်မြင် မြင်ကွင်းကျယ် ဓာတ်လှေကား ဖြစ်ပြီး ထိုသို့ တည်ဆောက် ပေးခြင်းအားဖြင့် ယခင်က နံနက် ၉ နာရီမှ ညနေ ၄နာရီအထိသာ ဓာတ်လှေကား စီးရန် သတ်မှတ်ခဲ့ရာမှ ယခုအခါ ဓာတ်လှေကား နှစ်စင်းဖြင့် ဘုရားဖူးများကို အချိန်တိုတို နှင့် ပိုမို သယ်ပို့ပေးနိုင် မည်ဖြစ်၍ များစွာ အဆင်ပြေမည် ဖြစ်ကြောင်း ရွှေဥမင် ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောပြ၍ သိရသည်။ အဆိုပါ ဓာတ်လှေကားသစ် ကို ဖေဖော်ဝါရီလ ဒုတိယပတ် တွင် ဖွင့်လှစ်၍ အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။(၁၇၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment