Pages

Thursday, January 29, 2015

မြန်မာ့ပျားရည် ရောင်းဝယ်ရေးတွင် ပြည်ပသို့ တင်ပို့မှုများ နေသဖြင့် ပြည်တွင်းဈေးကွက်တွင် ပျားရည်ရှားပါးမှု ကြုံတွေ့



မုံရွာ ၊ ၂၉-၁-၂၀၁၅

မြန်မာ့ပျားရည် ရောင်းဝယ်ရေး တွင် ပုဂ္ဂလိက လုပ်ငန်းရှင် များထံမှ ထိုင်း- မြန်မာ ကုမ္ပဏီများ က ဝယ်ယူပြီး တရုတ်နှင့် ဂျပန်နိုင်ငံ တို့သို့ တင်ပို့ရောင်းချ နေသောကြောင့် ပျားရည်ဈေး ယခင်ထက် ဈေးကြီးပေး ဝယ်ယူ နေရကြောင်း သိရသည်။

မြန်မာ့ သဘာဝ ပျားရည်နှင့် မွေးမြူရေး ပျားရည်သည် စက်တင်ဘာ၊ အောက်တိုဘာ နှင့် နိုဝင်ဘာ လတို့တွင် ပျားရည် အထွက်ဆုံး လများဖြစ်ပြီး ကနီ၊ မဲဇာနှင့် ကသာဒေသ တို့သည် အထက် မြန်မာပြည်၌ အထွက်ဆုံး ဒေသများ ဖြစ်ကြောင်းသိရသည်။ 

၂ဝ၁၃ ခုနှစ်က ပျားရည် တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝ မှ ၂ဝဝဝ နှင့် ဝယ်ယူရရှိ သော်လည်း ၂ဝ၁၄ ခုနှစ်တွင် ငွေကျပ် ၂ဝဝဝ ကျော် ပေးဝယ် ရကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ပျားရည် ပိဿာ ၁၈ဝ ဝင် ပလတ်စတစ်
တိုင်ကီ အပြာအလုံး ၁ဝဝ ကျော် ဝယ်ယူရရှိ ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်တွင် တိုင်ကီအလုံး ၄ဝ၊ ၅ဝ ခန့်သာ ဝယ်ယူရရှိ တော့ကြောင်း သိရသည်။

ယခုကဲ့သို့ ပျားရည် ၀ယ်ယူရရှိမှု နည်းပါးနေခြင်းမှာ ထိုင်းနှင့် ဆက်စပ်သော ကုမ္ပဏီများမှ ဈေးပိုပေးကာ ဝယ်ယူနေပြီး တရုတ်နှင့် ဂျပန် နိုင်ငံတို့သို့ တင်ပို့ရောင်းချ နေခြင်း ကြောင့်လည်း ဖြစ်သည်ဟု သိရသည်။

''ကျွန်တော်တို့ ပျားရည် တိုင်ကီ အလုံး ၁ဝဝ ဝယ်ရင် တိုင်ကီအလုံး ၄ဝ လောက်ကို ကွမ်းယာနဲ့ ဆေးစပ်တဲ့ သူတွေက ဝယ်ကြပါတယ်။ ကျန်တဲ့ တိုင်ကီ အလုံး ၆ဝ ထဲက ၁ဝ တိုင်ကီ လောက်ကို စားသောက်ကုန် လုပ်ငန်းနဲ့ ကိတ်မုန့်လုပ်ငန်းက ဝယ်ပါတယ်။ ကျန်တဲ့အလုံး ၅ဝ ကို အထွေထွေ စားသောက်ကုန် လုပ်ငန်းနဲ့ တိုင်းရင်းဆေး ဖော်စပ်တဲ့ လုပ်ငန်းတွေက ဝယ်ပါတယ်။ ကျွန်တော်တို့ မုံရွာဒေသမှာ လုပ်ငန်းရှင် ငါးဦးလောက် ရှိတော့ ကိုယ့်ဖောက်သည် သူ့ဖောက်သည် နဲ့ ဝယ်နေရတော့ အရင်နှစ် ကထက် အများကြီး လျော့ပါတယ်။ ကျွန်တော်တို့ အရင်နှစ် တွေကဆိုရင် ဝယ်ယူရရှိတဲ့ ပျားရည် အားလုံး ကုန်ရင် ငွေကျပ် သိန်း ၉ဝ လောက် မြတ်ပေမယ့် ၂ဝ၁၄ ခုနှစ် မှာတော့ အမြတ်နည်း သွားပါတယ်။ ထိုင်းဝယ်လက် ကတစ်ဆင့် တရုတ်နဲ့ ဂျပန် တို့အထိ ဖြန့်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်း ဝယ်လက် ကိုတောင် အပြည့်အဝ မရောင်းနိုင် တော့ပါဘူး '' ဟု ပျားရည် လှောင်၍ ရောင်းချသူ လုပ်ငန်းရှင် တစ်ဦးက ပြောပြ၍ သိရသည်။ (၁၅၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment