Pages

Monday, January 19, 2015

ကျောက်ကြီးရောဂါ ပြီးနောက် ဂီနီကူးစက်ရောဂါပိုး ကို ကမ္ဘာပေါ်မှ အမြစ်ပြတ်နိုင်တော့မည်






ဘန်ဂူအီ ၊ ၁၉-၁-၂၀၁၅

ကမ္ဘာပေါ်တွင် ဂီနီကပ်ပါးပိုး ( Guinea Worm Disease ) ကူးစက်ခံရမှု ၁၂၆ မှုသာ ကျန်ရှိ တော့သည့် အတွက် များမကြာမီ အမြစ်ပြတ် ရှင်းလင်း နိုင်တော့မည် ဖြစ်ပြီး ကျောက်ကြီးရောဂါ ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အမြစ်ပြတ် ကုသနိုင်သည့်  ရောဂါ ဖြစ်လာမည်ဟု သိရသည်။

၁၉၇၇ ခုနှစ်တွင် ကျောက်ကြီး ရောဂါ ကို ကမ္ဘာပေါ်မှ အပြီးတိုင် သုတ်သင် ရှင်းလင်း နိုင်ခဲ့သည်။ လူသားတို့ထံ ကူးစက် ဖြစ်ပွားလေ့ ရှိသော ရောဂါများ အနက် ကမ္ဘာ တစ်ဝန်းလုံးတွင် ထပ်မံ မဖြစ်ပွား အောင် အမြစ်ပြတ် သုတ်သင်နိုင် ခဲ့သည်မှာ ကျောက်ကြီး ရောဂါ တစ်မျိုးသာ ရှိခဲ့ရာ ယခု ၂ဝ၁၅ ခုနှစ် တွင် ဂီနီကပ်ပါးပိုး ကို အမြစ်ဖြတ် နိုင်လျှင် ကမ္ဘာပေါ်တွင် အမြစ်ပြတ် သုတ်သင် နိုင်သည့် ဒုတိယ ရောဂါ ဖြစ်လာမည် ဟု သုတေသီ များက ရှင်းပြသည်။

ဂီနီကပ်ပါးပိုး Dracunculiasis ကို ပိုးလောက်လမ်း ပါသောရေကို သောက်သုံးမိ ရာမှ ကူးစက်ခံ ရနိုင်ပြီး ယခုအခါ အာဖရိက တွင်သာ ကျန်ရှိ နေသေးသော်လည်း ၁၉၈၆ ခုနှစ်တွင် အာဖရိက နှင့် အာရှတို့၌ လူပေါင်း ၃ ဒသမ ၅သန်းခန့် ဂီနီကပ်ပါးပိုး ကူးစက်မှု ခံခဲ့ကြ ရသည်။

၁၉၈ဝ ပြည့်လွန်နှစ် များက အာဖရိက သို့ အလည် သွားရောက် ခဲ့သော အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ က ဂီနီကပ်ပါးပိုး ကူးစက်ခံရသော လူနာများကို ပထမ ဆုံးအကြိမ် တွေ့ရှိခဲ့ပြီး ထိုစဉ်က လူဦးရေ သုံးပုံနှစ်ပုံခန့် ကူးစက်ခံထား ရသည်ကို တွေ့ရှိခဲ့ပြီး အထိတ်တလန့် ဖြစ်ခဲ့သည်။ ''အမျိုးသမီး တစ်ဦးက ကလေးကို ရင်ခွင်ပိုက် ထားတယ် ထင်နေတာ သေချာကြည့်မှ ကလေး မဟုတ်ဘူး။ သူ့ညာဘက် ရင်သား ဖြစ်နေတယ်။ ဖူးရောင် ရှည်ထွက် နေပြီး သားမြတ် ကနေ ကပ်ပါး ပိုးကောင်တွေ ထွက်ကျ နေတာကို တွေ့ခဲ့ရတယ် .. '' ဟု ဂျင်မီကာတာ က ဆိုခဲ့ဖူးသည်။

အာဖရိက ခရီးစဉ် နောက်ပိုင်း သမ္မတဟောင်း ဂျင်မီကာတာ က ဂီနီကပ်ပါးပိုး ကို စစ်ကြေညာ ခဲ့ပြီး ကာတာ ဖောင်ဒေးရှင်း ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ ယခု နှစ်ပေါင်း ၃ဝ ထက် မနည်း ကြာမြင့်ချိန်တွင် အောင်မြင်လု နီးပါး အခြေအနေသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။

ဂီနီကပ်ပါးပိုး သည် ကြောက်မက်ဖွယ် ကောင်းလှသည်။ လူသားထံ ကူးစက်ပြီးသော ပိုးလောက်လမ်း သည် တစ်မီတာခန့် အထိ ရှည်လျား ကြီးထွား လာသည်။ တစ်မီတာခန့် ရှည်လျားရန် ၁၂ လခန့် ကြာမြင့် တတ်ပြီး ကူးစက်ခံ ရသူက သတိပင် မထားမိ နိုင်ချေ။ ထို့နောက် ခန္ဓာကိုယ် တစ်နေရာတွင် အရေကြည်ဖု ကဲ့သို့ အဖုထွက် ပေါ်လာပြီး အလွန် နာကျင်စွာ ခံစားရမည် ဖြစ်သည်။ ခြေထောက် သို့မဟုတ် အခြား နူးညံ့သည့် နေရာများတွင် ထွက်တတ်ပြီး ကပ်ပါးပိုးက ယင်းအပေါက်မှ တစ်ဆင့် ခန္ဓာကိုယ် အရေပြားကို ဖောက်ထွက်ရန် ကြိုးစား တော့သည်။ ထိုသို့ ဖောက်ထွက် နိုင်ရန် ရက် ၃ဝ ထက် မနည်း ကြာမြင့်လေ့ ရှိပြီး ခံရသူမှာ ဝေဒနာကို ပြင်းထန်စွာ ခံစားရလေ့ ရှိသည်။

နာကျင်မှုကို မခံစား နိုင်တော့သည့် အဆုံး ကပ်ပါးပိုးကောင် အမြန် ထွက်သွား စေရန် အနာကို ရေစိမ်တတ်ကြ လေရာ ရေဓာတ် ရရှိသော ကပ်ပါး ပိုးကောင်က ခန္ဓာကိုယ်ထဲ တွင် ဥများ ထပ်မံဥကာ ကပ်ပါးပိုးများ ပေါက်ပွားလေ့ ရှိသဖြင့် အဆုံးတွင် ခန္ဓာကိုယ် အနှံ့မှ ပိုးကောင်များ ထွက်နေသော အပေါက်များ စွာဖြင့် မချိမဆံ့ သေဆုံးကြခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment