Pages

Tuesday, January 20, 2015

လူမှုဘ၀မြင့်မားတိုးတက်ရေး


လူမှုဘ၀မြင့်မားတိုးတက်ရေး

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပြီး ကုန်လွန်ခဲ့သော နှစ်များက စီးပွားရေး ပိတ်ဆို့မှု ဒဏ်ကို ခံခဲ့ရသောကြောင့် ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး ခဲ့ရသည်။ နိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ခန့်သည် ကျေးလက်ဒေသ များ၌ နေထိုင်ကြပြီး ဆင်းရဲမှုများနှင့် ကြုံခဲ့ကြ ရသည်။

ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခဲ့ရပြီး ဒေသခံ ပြည်သူများ အနေဖြင့် မိမိတို့ နေရင်း အရပ်ဒေသ များကို စွန့်ခွာကာ ရွှေ့ပြောင်း လုပ်သားများ အဖြစ် မြို့ကြီးများ သာမက ပြည်ပ နိုင်ငံများ အထိ သွားရောက် အလုပ်လုပ်ကိုင် ကြရသည်ကို တွေ့ရသည်။

ရွှေ့ပြောင်း လုပ်သားများ အဖြစ် လုပ်ကိုင်ကြ သူများအနက် အိမ်နီးချင်း နိုင်ငံများတွင် ရရာ အလုပ်ကို ပင်ပန်း ဆင်းရဲစွာဖြင့် သွားရောက် လုပ်ကိုင်ကြသော မြန်မာ အလုပ်သမား များမှာ ယနေ့ ကာလအထိ လူဦးရေ သုံးသန်းခန့် ရှိကြောင်း သိရသည်။

လက်ရှိကာလ အထိ ကျေးလက်ဒေသ  များ၏ အဓိက စီးပွားရေး လုပ်ငန်းသည် လယ်ယာ စိုက်ပျိုးရေး နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများ ဖြစ်သည်။ အချို့မှာ လုပ်ခစား၊ လက်ခစား လုပ်ကြ ရပြီး အချို့မှာ မြို့ပေါ်ရပ်ကွက် များတွင် အငှားယာဉ်၊ မြင်းလှည်း၊ ဆိုက်ကားနှင့် မော်တော် ဆိုင်ကယ် ကယ်ရီ လုပ်ငန်းဖြင့် နေ့စဉ်ဝမ်းစာ ရှာဖွေ နေကြရသည်။

ထို့ကြောင့် ပြည်သူ အများစု၏ အခက်အခဲ များကို နိုင်ငံတော်က ကူညီဖြေရှင်း၊ စောင့်ရှောက် ပေးသောအားဖြင့် ဆင်းရဲမှု လျှော့ချရေး၊ အလုပ်အကိုင် သစ်များ ရရှိရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ ဖော်ဆောင်ရေး၊ ခေတ်မီလယ်ယာ စိုက်ပျိုးရေး စနစ် ထူထောင်ရေး စသည့် ပြည်သူအကျိုး ရှေးရှုသည့် လုပ်ငန်း အမျိုးမျိုးကို ရေတို၊ ရေရှည် စီမံကိန်း လုပ်ငန်း အမျိုးမျိုး ချမှတ်၍ ဆောင်ရွက် ပေးနေသည်ကို တွေ့ရသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက လယ်ယာလုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေး သကဲ့သို့ သမဝါယမ ဝန်ကြီးဌာနက ကျေးလက်နေ ပြည်သူများ ကုန်ထုတ် အရင်းအနှီးများ ရရှိအောင် ဆောင်ရွက်ပေး နေသည်။ ထို့ပြင် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ကလည်း အလုပ်အကိုင်  အဆင်ပြေရေး နှင့် အလုပ်အကိုင် ရရှိရေး ဆောင်ရွက် ပေးလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ပြီး ပြည်သူ၊ ပြည်သား အားလုံး လူမှုဘဝ မြင့်မား တိုးတက်ရေး အတွက် ရှေးရှုပြီး နိုင်ငံတော်က ပံ့ပိုးကူညီ ဆောင်ရွက်ပေး နေသကဲ့သို့ ပြည်သူတစ်ရပ် လုံးကလည်း တစ်ဖက် တစ်လမ်းမှ ပါဝင်ကူညီ ဆောင်ရွက် ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Themawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment