Pages

Thursday, January 29, 2015

သစ်သားရှေးဟောင်း လက်ရန်းတစ်ခုကို နောင်လာနောက်သားများ လေ့လာနိုင်ရန် ရှေးမူမပျက် ထိန်းသိမ်းထား



ရမည်းသင်း ၊ ၂၉-၁-၂၀၁၅

လွန်ခဲ့သော နှစ်ပေါင်း များစွာက သစ်သားဖြင့် ပြုလုပ်ထားပြီး ဘုရားခန်း အဝင်တွင် တပ်ဆင်ထား ရှိသော ဘုရားခန်းကာ သစ်သားပန်းပု ကနုတ်ပန်း လက်ရန်းကို မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့ သက်ကယ်ခြံရွာ ရွာဦး ဘုန်းတော်ကြီး ကျောင်း၌ တွေ့ရသည်။

အဆိုပါ ဘုရားခန်းရှိ သစ်သားပန်းပု ကနုတ်ပန်း လက်ရန်းလက်ရာ မှာ အလျားရှစ်ပေ၊ အနံ(အမြင့်) သုံးပေရှိပြီး ထု သုံးလက်မ ခန့်ရှိသော သစ်သားပေါ်တွင် ထွင်းထု ထားခြင်း ဖြစ်သည်။ ဘုန်းတော်ကြီး ကျောင်း ဆောက်လုပ်စဉ် ကတည်းက ရှိခဲ့သည်ဟု သိရ သောကြောင့် လွန်ခဲ့သော နှစ်ပေါင်း များစွာက ဟု ခန့်မှန်းရသည်။

ရှေ့ မျက်နှာပြင်တွင် ပန်းပု လက်ရာဖြင့် အပြောက်အမွမ်း၊ ပန်းလိမ်၊ ပန်းခက်၊ ကြာမှောက်၊ ကြာလန်၊ ပုလဲသွယ် အစရှိသည် တို့ကို လက်ရာမြောက်စွာ ထုဆစ်ထားပြီး ပန်းပွတ် လက်ရာ သစ်သား ပွတ်လုံးတိုင် များကိုလည်း တပ်ဆင် ထားသည်။ အထက်ပိုင်း ထောင့်များတွင် သက်ဝင်မှု ရှိအောင် ထုဆစ် ပုံဖော်ထားသော ဇာမဏီ ငှက်ရုပ်နှစ်ရုပ် ပါရှိသည်ကို တွေ့ရသည်။

ထို ဇာမဏီငှက်ရုပ် များမှာ အလျားသုံးပေ၊ အမြင့် ၁၈ လက်မ ရှိသည်။ တစ်ကောင်နှင့် တစ်ကောင် ဆန့်ကျင်ဘက် အရပ်များသို့ မျက်နှာ မူထားသည် ၄င်း သစ်သားပန်းပု ကနုတ်ပန်း လက်ရာ၏ ဘေးတစ်ဖက် စီတွင် အရှည် ငါးပေရှိ ပွတ်လုံး အဆင့်ဆင့် ပြုလုပ် ထားသောတိုင် ပူးတွဲလျက် ရှိသည်ကို တွေ့ရသည်။

လက်ရာမြောက် လှသော ရှေးဟောင်း ဘုရားခန်းက သစ်သားပန်းပု ကနုတ်ပန်း လက်ရာ လက်ရန်း ကို နောင်လာ နောက်သားများ လေ့လာနိုင်ရန် အတွက် သက်ကယ်ခြံရွာ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ က ရှေးမူမပျက် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရသည်။ (၁၆၉)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment