Pages

Thursday, January 1, 2015

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး အား အမွှေးနံ့သာထင်းမီးပုံ တို့ဖြင့် မီးပူဇော်သည့် နေရာကို လေ့လာနိုင်


မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မီးပူဇော်ရာ ပလ္လင်တော် 

မန္တလေး ၊ ၁-၁-၂၀၁၅

မန္တလေးမြို့သို့ လာရောက် လည်ပတ်သူတိုင်း မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီးအား အလေးထား ဖူးမြော်လေ့ ရှိသည်။ မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီးသည် သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်ပြီး ဘုရားသမိုင်း နှင့် ပတ်သက်သည်များကို အသံသွင်း ဓာတ်ပြားခေတ် မှသည် ယနေ့အချိန် အထိ တေးသီချင်းများ၊ စာပေ အထောက်အထား များ၊ သမိုင်း ပန်းချီပြတိုက် များဖြင့် တိကျစွာ မှတ်တမ်းတင် ထားသည်။

မဟာမုနိ ဘုရား၏ ထူးခြားသော သမိုင်းတွင် မြတ်စွာဘုရား ဝါတော် ၂ဝ အရ မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဘီစီ ၅၆၉ တွင် တတိယ ဓညဝတီ နိုင်ငံ ရခိုင်ပြည်တွင် မြတ်စွာဘုရား ၏ ရင်ငွေ့တော် ခုနစ်ကြိမ် ခံယူထားသော ရုပ်ပွားတော်မြတ် ဖြစ်သည်။

မဟာမုနိ ရုပ်ရှင်တော်မြတ် ပင့်ဆောင် ရောက်ရှိချိန်မှ စ၍ တပို့တွဲလဆန်း ၁၄ ရက် ညနှင့် လပြည့်နေ့ နံနက် အရုဏ်တက်ချိန် တို့တွင် အမွှေးနံ့သာ ထင်းမီးပုံ တို့ဖြင့် ပူဇော် ဝတ်ပြုခဲ့ကြ သည်မှာ ယနေ့တိုင် ဖြစ်သည်။

ထို မီးပူဇော်ရာ နေရာသည် မဟာမုနိ ရုပ်ရှင်တော်မြတ် ယာယီ သီတင်းသုံး စံမြန်းရာ နေရာလည်း ဖြစ်သည့် အားလျော်စွာ နှစ်စဉ် ထိုနေရာ ၌ပင် မီးပူဇော်သည်။ အဆိုပါ နေရာအား နံ့သာမီး ပူဇော်ရာ ပလ္လင်တော်ကို ၁၉၉၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး တည်ဆောက် ရခြင်း၏ ရည်ရွယ်ချက်မှာ ကောင်းမြတ်သည့် အစဉ်အလာ ကောင်းများ အရှည် တည်တံ့ကာ နှစ်စဉ် မီးပူဇော်ရာ နေရာကို အများသူငါ သိရှိရန် ဖြစ်သည်။ ယခုအခါ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မီးပူဇော်ရာ နေရာ၌ ပလ္လင်တော် ကို အလွယ်တကူ လေ့လာ နိုင်ကြောင်း သိရသည်။

မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီး၏ ဉာဏ်တော် အမြင့်မှာ ပလ္လင် အပါအဝင် ၁၂ ပေ ၇ လက်မ ရှိသည်။ ရခိုင်ပြည်မှ ၁၁၄၆ ခုနှစ် တပို့တွဲလဆန်း ၁ဝ ရက်မှ စတင်ကာ ရေလမ်း ကုန်းလမ်းများဖြင့် အဆင့်ဆင့် ပင့်ဆောင်ပြီး၁၁၄၇ ခုနှစ် သီတင်းကျွတ် လတွင် ယခု စံမြန်းရာ နေရာသို့ ရောက်ရှိ တော်မူသည်။ အမရပူရ မြို့တည် နန်းတည် ဘိုးတော်မင်း တရားကြီး ၏ သားတော် အိမ်ရှေ့ ဥပရာဇာ သိရိမဟာဓမ္မာ ဘိဇယ သီဟသူရ က ပင့်ဆောင်၍ ဘုံကိုးဆင့် ရှိသော အုတ်ပြာသာဒ် တွင် တည်ထား ကိုးကွယ်တော် မူကြောင်း သိရသည်။

ထိုမှ အဆင့်ဆင့် ပြုပြင်မှုများ ဆောင်ရွက်ခဲ့ရာ ယခုတွေ့ရသော ဂန္ဓကုဋိ လက်ရာမှာ ရန်ကုန်မြို့ အင်ဂျင်နီယာ မင်းကြီး ဟင်နရီဖော့ စေလွှတ်သော လက်ထောက် အင်ဂျင်နီယာ မစ္စတာဘူ၊ စာရေးတော် မင်းကြီးဦးယော၊ မစ္စတာ ဒေါနင်း တို့ ညှိနှိုင်း တည်ဆောက် ထားသော လက်ရာပင် ဖြစ်သည်။ အလျား ၁၅၄ ဒသမ ၅ ပေ၊ အမြင့် ၁၄၇ ပေ ၉ လက်မရှိသော မြန်မာမှု ဗိသုကာ လက်ရာ ဘုံခုနစ်ဆင့် ပြာသာဒ်ပုံ ဖြစ်ကြောင်း သိရသည်။

တိမ်တမန်

#Themyawadydaily

No comments:

Post a Comment