Pages

Thursday, January 8, 2015

ဥတုဖော်ပြန်လျှင် အဖျားအနာ သတိပြု


ဥတုဖော်ပြန်လျှင် အဖျားအနာ သတိပြု

ကြည်မြင့်လွင် (မုဒြာ)

ဘုရားဟော ပါဠိတော် တို့၌ အနာရောဂါ ဖြစ်ရခြင်း အကြောင်းများကို ပြရာတွင် '' ဥတု ဝိပရိဏာမဇာ = ဥတု ဖောက်ပြန်၍ ဖြစ်ခြင်း '' ဟူ၍ အကြောင်း တစ်ခုလည်း ပါဝင်သည်ကို တွေ့ရသည်။ အာယုဗေဒကျမ်း
များတွင်လည်း ဥတုနှင့် အာဟာရကို ပဓာန ထား၍ ညွှန်ပြသည်ကို တွေ့ရပေသည်။

ဥတု ဖောက်ပြန်သည် ဆိုသည်မှာ ယခု ဆောင်းဥတု ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်မှ တပေါင်း လပြည့်နေ့ အထိ ဆောင်းဥတု ဖြစ်သည်။ ဆောင်းဥတု၏ သဘာဝ အတိုင်း နံနက် စောစောတွင် အေးရမည်။ ချမ်းရမည်။ နှင်းကျရမည်။ နံနက်စောစော နေမထွက်။ နေမမြင်ရ။ နံနက် ၆ နာရီခွဲကျော်မှ နေရောင် ကောင်းစွာ ကျရမည်မှာ ဆောင်း၏ ပုံမှန်ဖြစ်ရမည့် သဘာဝ ဖြစ်သည်။

ထိုသဘာဝ အတိုင်း မဟုတ်ဘဲ ဆောင်းဥတုတွင် နံနက် စောစောတွင် နှင်းလည်းမကျ။ အေးလည်း သိပ်မအေး။ နံနက် စောစော နေထွက်ပြီး ချွေးပင် ထွက်ချင် နေသည်ဆိုလျှင် ဥတု မမှန်တော့၊ ဖောက်ပြန် နေပြီ။ လူတို့  အနာအဖျား များတော့မည်ဟု ဆိုသည်။ ထိုကဲ့သို့ ပူနွေးခြင်း သည် ဖောက်ပြန်ခြင်း ဖြစ်သကဲ့သို့ ဆောင်းဥတု အတွင်းတွင် မိုးမရွာ ရပေ။ ဆောင်းတွင် မိုးရွာသည် ဆိုလျှင်လည်း ရာသီဥတု ဖောက်ပြန် ခြင်းပင် ဖြစ်သည်။ 

မိုးသည် တောင်လေနှင့် အတူ ပါလာ၍ ရွာစမြဲ ဖြစ်သည်။ ဆောင်းဥတုသည် မြောက်ပြန်လေ တိုက်ရမည့် ရာသီ ဖြစ်သည်။ လေကြောင်း ပြောင်းသွားလျှင် ဥတုပျက်ပြီး လူနှင့် တိရစ္ဆာန်များပါ အဖျားအနာကြောင့် ပျက်စီး တတ်ကြသည်ဟု ရှေးဆေးကျမ်း များက ဆိုသည်။

ဥတုနှင့် သင့်အောင် နေရမည်ဟု အဆိုရှိသည်။ ဥတုကို တော်လှန်၊ နည်းလမ်း မမှန်လျှင် ဥတုဒဏ်ခံ ရမည်ဟု ဆိုသည်။ ဆောင်းဥတုတွင် မီးအပူခံခြင်း၊ အပူအစပ် လွန်ကွဲစွာ စားခြင်းသည် ဥတုကို တော်လှန်ခြင်း ဖြစ်သည်။ 

ဆောင်းဥတုတွင် ရေနွေးချိုးသော သူများသည် မျက်စိများ ကျိန်းစပ်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်း၊ ဇက်ကြော တက်ခြင်း၊ ခါးနာခြင်း၊ ဒူးနာခြင်းများ ဖြစ်လေ့ရှိသည်။ လူကြီးများ အအေး မမိစေရန် ရေအေးကို ရေနွေး ခပ်ပေးသင့် သော်လည်း ရေပူဖြစ်အောင် မစပ်သင့်ပေ။ လူငယ် လူလတ်ပိုင်း များမှာ သဘာဝအတိုင်း ရေအေးကိုသာ ချိုးသင့်သည်။ ရှေးလူကြီး များက မြစ်ရေ၊ ချောင်းရေ စီးဆင်းနေသော ရေကိုချိုးလျှင် အန္တရာယ်မရှိ။ တွင်းရေ၊ ကန်ရေ ငြိမ်နေသော ရေကိုချိုးလျှင် ဖျားနာ တတ်သည်ဟု ဆိုသည်။ ရေပေးရေးမှ ပေးဝေသည့် ရေပိုက်များမှ လာသောရေများ သည်လည်း စီးဆင်းနေသော ရေမျိုးဖြစ် သဖြင့် ချိုးနိုင်ပါသည်။

ဆောင်းတွင် ဥတုဖောက်လျှင် မအေးဘဲ ပူလျှင် ထိုနှင့် ဆန့်ကျင်ဘက် အေးလွန်းပြီး မိုးရွာချလျှင်၊ တစ်နေကုန် နေမမြင် ရလျှင် လူကြီးများ ကျန်းမာရေးကို သတိထား သင့်သည်။ ရေမချိုး သင့်ပေ။ ရေနွေး စပ်ထားသော ရေပတ်တိုက် ပေးခြင်းဖြင့်သာ သန့်စင်သင့်သည်။

လေလုံသော အခန်း၊ နေရောင် မဝင်သော အခန်းတွင် တစ်ဆောင်း တွင်းလုံး နေထိုင်ပါက အဆုတ် အအေးမိခြင်း၊ အဆုတ်ပွခြင်း၊ အရေပြား အက်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ လျှာပူစပ်ခြင်း၊ အစားမစား နိုင်ခြင်း ရောဂါများ ဖြစ်နိုင်ကြောင်း သတိပြု စေလိုသည်။ နံနက်စောစော အိပ်ရာထနှင့် ညအိပ်ရာ ဝင်တွင် ရေအေး သောက်ခြင်း၊ နေ့တွင် ရေနွေး၊ ရေကျက်အေး သောက်ခြင်းကို ပြုသင့်ကြောင်း တင်ပြ လိုက်ရ ပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment