Pages

Tuesday, January 27, 2015

မုန်တိုင်းဒဏ်နှင့် ရေတိုက်စားမှုများကို ကာကွယ်နိုင်စေရန် ဒီရေတောများ ပြုစုပျိုးထောင်မည်



ရန်ကုန် ၊ ၂၇-၁-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပင်လယ်နှင့် ထိစပ်နေသော မြို့နယ်အချို့တွင် သဘာဝ အဖိုးတန် ဒီရေတောများ ပေါက်ရောက်ခြင်း နည်းပါးနေပြီး ပင်လယ်ရေ ဝင်သော ကမ်းစပ်နေရာ ဒေသအချို့ တွင်သာ တွေ့ရသဖြင့် ဒီရေတောများ (ပုံ) ပြုစု ပျိုးထောင်ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ကြိုးပြင် ကာကွယ်တော များကို တည်ထောင် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကြိုးပြင် ကာကွယ်တော ဧရိယာ ဧက ၃ဝဝဝ ကျော်ကို ရန်ကုန်မြို့ရှိ ပင်လယ်နှင့် နီးစပ်ရာ ဒေသ များဖြစ်သော ကျောက်တန်းမြို့နယ် နှင့် ကွမ်းခြံကုန်း မြို့နယ်ရှိ ပင်လယ် ရေဝင်ကမ်းတက် မြေများတွင် တည်ထောင် သွားမည် ဖြစ်ပြီး ယင်းကဲ့သို့ စီစဉ် ဆောင်ရွက် ရခြင်းမှာ ဒီရေတော များသည် မုန်တိုင်းဒဏ်ကို ကာကွယ်နိုင်ခြင်း၊ မုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပေါ်လာသော ဒေသများတွင် ရေတိုက်စားမှုဒဏ် ဆိုးရွားစွာ မခံစားရ စေရန် အကာအကွယ် ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူး များကို ပေးစွမ်းနိုင်သည့် အပြင် ပတ်ဝန်းကျင် ဂေဟစနစ် ကိုလည်း မျှတ ကောင်းမွန် စေနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ဒီရေတောမှ တိုင်၊ မျော၊ ထင်း၊ မီးသွေး၊ ဆေးဖက်ဝင် အပင်များနှင့် အခြား သစ်တောထွက် ပစ္စည်းများ ကိုလည်း ထုတ်ယူ နိုင်ပြီး စိုက်ပျိုးမြေ များအား ပင်လယ်ရေငန် ဝင်ရောက်မှုမှ အတိုင်းအတာ တစ်ခုအထိ အကာအကွယ် ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံ တွင် ဒီရေတော အများဆုံး ပေါက်ရောက်သော နေရာဒေသ များမှာ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့ဖြစ်ပြီး ဒီရေတော ဖုံးလွှမ်းမှု စုစုပေါင်း ဧရိယာ ဧက ၁၆ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနှံ့တွင် ဒီရေတော များအား ယခုထက် ပိုမိုထိန်းသိမ်း စောင့်ရှောက် နိုင်စေရန် အစီအစဉ်များ ချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment