Pages

Thursday, January 1, 2015

ဆန္ဒ ၊ ၀ီရိယ ၊ ပညာတို့ဖြင့် အောင်မြင်မှုကို ရယူ


ဆန္ဒ ၊ ၀ီရိယ ၊ ပညာတို့ဖြင့် အောင်မြင်မှုကို ရယူ

ယနေ့သည် ၂ဝ၁၅ ခုနှစ်ကို ဦးစွာပထမ ကန့်လန့်ကာ ဖွင့်သည့် ဇန်နဝါရီ ၁ ရက်နေ့ ဖြစ်သည်။ နှစ်သစ်တွင် မြန်မာပြည်သူ ပြည်သား အပေါင်းနှင့် ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်းတို့ ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံ၍ ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့ ပါစေကြောင်း ရတနာပုံ က နှစ်သစ်ကူး မင်္ဂလာစကားဖြင့် နှုတ်ခွန်းဆက် လိုက်ပါသည်။

၂ဝ၁၄ ခုနှစ်သည် ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ နှစ်ဟောင်းကို ပြန်ပြောင်း ကြည့်၍ အောင်မြင်မှု များအတွက် ဂုဏ်ယူစိတ် များနှင့်အတူ အောင်မြင်မှု သရဖူ ဆက်လက် ထိန်းသိမ်း နိုင်ရေး ၂ဝ၁၅ ခုနှစ်တွင် အားသစ်မွေး ဆောင်ရွက် သွားကြ ရမည်။

ဆုံးရှုံးမှုများ အတွက် လိုအပ်ချက် များကို မြင်အောင် ကြည့်၍ ဖြည့်စွက် အကောင် အထည်ဖော် ဆောင်ရွက် သွားကြရမည်။ လုပ်ငန်းကိစ္စ တိုင်းတွင် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဟူ၍ နှစ်မျိုး သာရှိသည်။ အောင်မြင်ခြင်း အတွက် ဝမ်းသာ ပျော်ရွှင်ကြ မည် ဖြစ်သော်လည်း အောင်မြင်မှု၌ ယစ်မူးနေသည့် အပြုအမူမျိုး မဖြစ်စေဘဲ အမြဲတမ်း တက်ကြွနေသည့် အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း နိုင်သည့် ကြိုးစားမှုမျိုး ရှိနေရမည် ဖြစ်သည်။

တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက် အချိန်တိုင်း အချိန်တိုင်း တွင် မိမိ၏စံနှုန်း တိုးတက်ရေးကို ကြိုးစားနေသည့် အားကစား သမားတစ်ဦး ကဲ့သို့ ကြိုးစား နေကြရမည် ဖြစ်သည်။

ဆုံးရှုံးမှုကို မအောင်မြင်မှု ကို ရင်ဆိုင်ကြုံတွေ့ ကြရသည့်အခါ ဝမ်းနည်းမှုကို ခံစားကြ ရမည် ဖြစ်သော်လည်း ဝမ်းနည်း ပူဆွေး စိတ်ပျက် အားလျှော့မှုမျိုး မဖြစ်စေရပေ။ တစ်ခါလဲရုံဖြင့် အပြီး ထိုင် နေသည့် အဖြစ်မျိုး မဟုတ်ဘဲ အကြိမ်ကြိမ် ထ၍ ခရီးဆက်သည့် စိတ်မျိုးထားကာ မိမိကိုယ်တိုင် တိုးတက်အောင် အားသစ် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရယူနိုင်သည်။ ရည်မှန်းချက် လမ်းကြောင်း မပျောက်စေဘဲ ''တစ်နေ့တစ်လံ ပုဂံဘယ်ပြေး မလဲ'' ''ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက်'' စိတ်မျိုးဖြင့် အားပျော့စိတ်၊ အားငယ်စိတ် ကိုပယ်ကာ ရည်မှန်းချက် ပန်းတိုင်ကို လှမ်းကိုင်၍ အောင်မြင်မှုကို ရယူကြ ရမည်။

ရည်မှန်းချက်၊ ယုံကြည်ချက် ပြင်းပြ သူတို့သည် လုံ့လ၊ ဝီရိယ စိုက်ထုတ်၍ အောင်မြင်မှုကို ရယူနိုင်သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သည် ဆန္ဒ အားကြီးသော သူတို့သည် မအောင်မြင် သောအရာ ဟူ၍ မရှိ၊ ဝီရိယ အားကြီးသော သူတို့သည် မအောင်မြင်သော အရာဟူ၍ မရှိ၊ ပညာ အားကြီးသော သူတို့သည် မအောင်မြင်သော အရာဟူ၍ မရှိဟု လူသားတို့ဘဝ အောင်မြင်မှု အတွက် လမ်းညွှန် မြွက်ကြား ခဲ့သည်။

သို့ဖြစ်ရာ မြတ်ဗုဒ္ဓ၏ လမ်းညွှန် ဟောကြားချက် နှင့်အညီ မိမိတို့၏ ဆန္ဒများကို အခိုင်မာဆုံး ဖြစ်အောင်၊ မိမိတို့၏ ဝီရိယများကို အတိုးတက်ဆုံး ဖြစ်အောင်၊ မိမိတို့၏ ပညာ အရည်အသွေး ကို ပိုမို တိုးတက် ပြည့်ဝအောင် ကြိုးစား၍ ဘဝ ရည်မှန်းချက် အောင်မြင်မှု များကို ရယူပိုင်ဆိုင် သွားကြရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ် နှစ်ဆန်း တစ်ရက် မင်္ဂလာ အခါသမယတွင် မြန်မာပြည်သူ ပြည်သား အပေါင်းကို ရတနာပုံသတင်းစာ က အကြံပြု တိုက်တွန်း ရေးသား လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment