Pages

Friday, December 26, 2014

မိသားစုပိုင်အိမ်စီးကား တစ်စီးထက်ပိုလျှင် Property Tax ကောက်ခံသင့်


ရန်ကုန် ၊ ၂၆-၁၂-၂ဝ၁၄

အခွန်ငွေရရှိမှု နည်းပါးခြင်းနှင့် ကားအစီးရေ ရှိသင့်သည်ထက် တိုးလာမှုများကို ထိန်းချုပ်နိုင်ရန် လုပ်ငန်းသုံး မဟုတ်သည့် အိမ်စီးကား တစ်စီးထက် ပိုမိုပိုင်ဆိုင် သူများကို ပိုင်ဆိုင်မှု အခွန် Property Tax ကောက်ခံ သင့်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ အခွန်ငွေရရှိမှု နည်းပါးသဖြင့် အခွန်တိုးတက် ရရှိရန် ကြိုးပမ်းသည့် နည်းလမ်းတွင် ပါဝင်သည့် ပိုင်ဆိုင်မှုအခွန် Property Tax ကောက်ခံရာ၌ မိသားစု တစ်စုလျှင် အိမ်စီးကား တစ်စီးထက် ပိုမို ပိုင်ဆိုင်သူ
များအား သင့်လျော်မည့် အချိန်တစ်ခုတွင် Property Tax ကောက်ခံရန် သင့်လျော်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာ မောင်အောင် က ပြောသည်။

မိသားစုပိုင် အိမ်စီးကား တစ်စီးထက် ပိုမိုရှိနေခြင်းကို Property Tax ကောက်ခံလိုက်လျှင် မလိုအပ်ဘဲ ကားတင်သွင်း မှုကြောင့် ကားအစီးရေ ရှိသင့်သည့် ပမာဏထက် ပိုရှိနေခြင်းကို ထိန်းချုပ်ရာ ရောက်မည် ဖြစ်သည်။

မော်တော်ယာဉ် ပိုင်ဆိုင်မှု အခွန် Property Tax ကို နိုင်ငံတကာတွင် လည်း ကောက်ခံလျက် ရှိပြီး ဂျပန်နိုင်ငံ၌ မိသားစုပိုင် ကားတစ်စီး ထက်ပိုရှိပါက ယင်းအတွက် နောက်တစ်စီးစာ အခွန်ကို ပေးဆောင်ရခြင်း ဖြစ်သည်။

ထိုသို့ ပိုင်ဆိုင်မှုအခွန် ကောက်ခံရာ၌ အခွန်ရှောင်ခြင်းများ ရှိခဲ့ပြီး အမည်ပြောင်း အခွန်ရှောင်မှု များလည်း ရှိလာနိုင်သဖြင့် စင်ကာပူနိုင်ငံ ကဲ့သို့ နံပါတ်အသေ တပ်ဆင်ခြင်းမျိုး ပြုလုပ်သင့်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်းရှင် များက ပြောသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment