Pages

Thursday, December 4, 2014

ICRC မှ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ဒဏ်သင့် ဒေသများအတွက် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၇၅ သန်း သုံးစွဲမည်


ရန်ကုန် ၊ ၄-၁၂-၂၀၁၄

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ( International Committee of the Red Cross- ICRC )မှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် ဒဏ်သင့်ဒေသ များအတွက် အလှူငွေ လှူဒါန်း ရန် နှင့် စစ်ဘေးသင့် ဒေသနေရာ များတွင် လူမှုရေး လုပ်ငန်းများ လုပ်ရန်အတွက် ၂ဝ၁၅ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၇၅ သန်း သုံးစွဲသွားမည် ဖြစ်ကြောင်း ICRC မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''မြန်မာနိုင်ငံ အတွက် အသုံးစရိတ် ကို ၂ဝ၁၄ ခုနှစ်ကထက် ၄ဝ ရာခိုင်နှုန်း ပိုမိုသုံးစွဲ မှာပါ။ သုံးစွဲငွေ ပမာဏရဲ့ သုံးပုံတစ်ပုံကို ရခိုင်ဒေသ အတွက် သုံးမှာပါ။ ရခိုင်ပြီးရင် တော့ ကချင်ဒေသ အတွက် သုံးမှာပါ။ မြန်မာနိုင်ငံ အတွင်းမှာ လူမှုရေး လုပ်ငန်းတွေလဲ လုပ်ဆောင် သွားမှာပါ '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ICRC သည် အဆိုပါ ငွေကြေးများကို ရခိုင်ပြည်နယ် အတွက် အသုံးပြုရာတွင် အကြမ်းဖက် ဒဏ်သင့် ဒေသများ ဖြစ်သည့် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား နှင့် ရသေ့တောင် စသည့်မြို့တို့ရှိ ယာယီ ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ ရရှိရေး ကျန်းမာရေး ဌာနများ နှင့် ဆေးရုံ၊ ဆေးခန်းများကို အဆင့်မြှင့် တင်ခြင်းနှင့် ယာယီ ရွှေ့ပြောင်းရေး စခန်းများကို ပြန်လည် နေရာချ ထားရေးနှင့် ကျေးရွာ အချို့ကို ရေ၊ အမိုးအကာ နှင့် သန့်ရှင်းရေး ဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ရန် အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ICRC သည် ၂ဝ၁၄ ခုနှစ်တွင် အကြမ်းဖက် ဒဏ်ခံရသည့် ဒေသများမှ ဆေးရုံ ၁၂ ရုံကို အရေးပေါ် ကုသနိုင်ရန် အထောက်အကူပြု ဆေးဝါးနှင့် ပစ္စည်းကိရိယာ များကို ပံ့ပိုးပေးခဲ့ပြီး ဒေသခံများ ဝင်ငွေ တိုးတက်ရေး အတွက် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဆောင်ရွက် ပေးထားကြောင်း သိရသည်။ (MIL)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment