Pages

Friday, December 26, 2014

GMS မဟာဗျူဟာ မူဘောင်သစ် နှင့် ခေတ်သစ်မြန်မာနိုင်ငံ


GMS မဟာဗျူဟာ မူဘောင်သစ် နှင့် ခေတ်သစ်မြန်မာနိုင်ငံ

မဟာ မဲခေါင်ဒေသခွဲ နိုင်ငံများ၏ ပဉ္စမအကြိမ် ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဒီဇင်ဘာ ၂ဝ ရက်တွင် ကျင်းပခဲ့ပြီး ထိပ်သီး အစည်းအဝေး ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထိပ်သီး အစည်းအဝေး ကြေညာချက်၌ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် သုံးနှစ်က နေပြည်တော် ၌ စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲ နိုင်ငံများ ထိပ်သီး အစည်းအဝေး ကျင်းပခဲ့ချိန် နောက်ပိုင်း ဒေသဆိုင်ရာ စီးပွားရေးတွင် မြန်မာနိုင်ငံ ပေါင်းစည်း ပါဝင်ရန် လမ်းဖွင့်ပေး နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မဟာမဲခေါင် ဒေသခွဲ အတွင်း ပိုမိုပေါင်းစည်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်း များကို ပေးစွမ်းနိုင် ခဲ့ပါကြောင်း၊ ဤပူးပေါင်း ဆောင်ရွက်မှုသည် နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မှု၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တို့အရ တိုးတက်စေမှု၊ တောက်ပသော အနာဂတ်ကို ဖန်တီးနိုင်မှုတို့ အတွက် မြန်မာပြည်သူ တို့သာမက မဟာမဲခေါင် ဒေသခွဲပြည်သူများ အတွက်ပါ အကျိုးဖြစ်ထွန်း စေပါကြောင်း ဖော်ပြ ထားသည်။ 

မဲခေါင်မြစ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် မှ မြစ်ဖျားခံ စတင် စီးဆင်းပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံ တို့ကို ဖြတ်သန်း စီးဆင်းလျက် ရှိပြီး ကီလိုမီတာ ၄၂ဝဝ ရှည်လျားသောမြစ်ဖြစ်သည်။ မဲခေါင် ဒေသသည် မြေဧရိယာ အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၂ ဒသမ ၆ သန်း ကျယ်ဝန်းသည့် ဒေသအတွင်း လူဦးရေသန်း ၃ဝဝ ခန့် နေထိုင်လျက် ရှိသည်။

မဟာမဲခေါင် ဒေသခွဲ (GMS) အစီအစဉ်ကို ၁၉၉၂ ခုနှစ်မှစ၍ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် ဆောင်ရွက် ခဲ့သည်။ မဲခေါင်ဒေသ ထိပ်သီး အစည်းအဝေး ပထမအကြိမ်ကို ''မဲခေါင်ဒေသ အတွင်း တိုးတက်မှု၊ ညီမျှမှုနှင့် သာယာ ဝပြောမှုအတွက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ မဟာဗျူဟာ တစ်ရပ် ပေါ်ထွန်းရေး'' ဦးတည်ချက်ဖြင့် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့၌ ၂ဝဝ၂ ခုနှစ်တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးကို ''သာတူညီမျှ သာယာဝပြော ရေးအတွက် ခိုင်မာသော ဂျီအမ်အက်စ် လက်တွဲ ပူးပေါင်းရေး'' ဦးတည်ချက်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်း၌ ၂ဝဝ၅ ခုနှစ်တွင် ကျင်းပခဲ့သည်။ တတိယ အကြိမ် ထိပ်သီး အစည်းအဝေးကို ''ပိုမိုဆက်သွယ် ယှက်နွှယ်မှုဖြင့် အရည်အသွေး ပိုမို ကောင်းမွန်ရေး'' ဦးတည်ချက်ဖြင့် လာအိုနိုင်ငံ ဗီယင်ကျန်း၌ ၂ဝဝ၈ ခုနှစ်တွင် ကျင်းပခဲ့သည်။ စတုတ္ထအကြိမ် ထိပ်သီး အစည်းအဝေး ကို ''၂ဝ၁၂ ခုနှစ် အလွန် မဲခေါင် ဒေသခွဲ ဖွံ့ဖြိုး တိုးတက်မှု မဟာပူးပေါင်း ဆောင်ရွက်ရေး ဆယ်စုနှစ် ဆီသို့'' ဦးတည်ချက်ဖြင့် မြန်မာနိုင်ငံ နေပြည်တော် ၌ ကျင်းပခဲ့ပြီး နောင်လာမည့် ဆယ်စုနှစ် ကာလအတွက် မဟာ မဲခေါင် ဒေသခွဲ မဟာဗျူဟာ မူဘောင်သစ် (၂ဝ၁၂-၂ဝ၂ဝ) ကို ချမှတ် အတည်ပြု ခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့သည့် ဂျီအမ်အက်စ် မဟာဗျူဟာ မူဘောင် အသစ်သည် အစိုးရနှင့် ပုဂ္ဂလိက လက်တွဲ ဆောင်ရွက်မှုသည် ဖွံ့ဖြိုး တိုးတက်မှု၌ ပုဂ္ဂလိက ကဏ္ဍကို မောင်းနှင်အား တစ်ရပ်အဖြစ် ဖော်ပြထားသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ က ပြောကြားရာ၌ ''အထူးသဖြင့် ဂျီအမ်အက်စ် အစီအစဉ်၏ အဓိက အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက် မှုအတွက် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံ မှုသည် များစွာ အရေးပါသည် ဆိုသော အချက်ကို ဖြည့်စွက်လို ပါကြောင်း၊ အစိုးရ ရင်းနှီးမြှုပ်နှံမှုတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်လာရန် အစိုးရနှင့် ပုဂ္ဂလိက ဆွေးနွေး တိုင်ပင်မှုများ ပိုမို ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အစိုးရ၏ ဆောင်ရွက်မှု များသည်လည်း ထင်သာမြင်သာ ရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း'' ဖြင့် စတုတ္ထအကြိမ် ထိပ်သီး အစည်းအဝေး ကျင်းပသည့်နေ့ တွင် ပြုလုပ်သောနားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်စဉ် ပြောကြား ခဲ့သည်။

၂ဝ၁၂- ၂ဝ၂ဝ ခုနှစ် မဟာဗျူဟာ မူဘောင်တွင် ပါဝင်သည့် ဂျီအမ်အက်စ် မူဘောင်၏ ရည်မှန်းချက်များ မှာ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအား ဈေးကွက် ပေါင်းစည်းရေး၊ ဆက်သွယ်ရေး နှင့် ICT အသုံးပြုရေး၊ ခရီးသွားလုပ်ငန်း တိုးတက်မှု ရေရှည် တည်တံ့ရေး၊ စားနပ်ရိက္ခာ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် စိုက်ပျိုးရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့ ဖြစ်သည်။

စတုတ္ထအကြိမ် ဂျီအမ်အက်စ် ထိပ်သီး အစည်းအဝေး ပူးတွဲ ကြေညာချက်အား နေပြည်တော် ကြေညာချက် အဖြစ် အဖွဲ့ဝင် နိုင်ငံများက အတည်ပြု ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် ဘက်စုံပူးပေါင်း ဆောင်ရွက်ခဲ့ ကြရာ အောင်မြင်မှုများ ရရှိခဲ့ကြသဖြင့် ယခု ကျင်းပသည့် ပဉ္စမအကြိမ် ထိပ်သီး အစည်းအဝေး ပူးတွဲ ကြေညာချက် ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံ အခန်းကဏ္ဍ အရေးပါ လာခဲ့သည်ကို ဆက်လက် ထိန်းသိမ်းကြ ရမည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment