Pages

Monday, December 22, 2014

ရန်ကုန်မြို့၌ ယာဉ်ရပ်နားရန် နေရာရှိမှသာ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည်


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၄

ရန်ကုန်မြို့၌ ယာဉ်ရပ်နားရန် နေရာခက်ခဲသည့် အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် ယာဉ်ရပ်နားရန် နေရာရှိမှသာ တင်သွင်းခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

ယင်း ကြေညာချက် တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ထောင်စု စာရင်းဖြင့် နေထိုင်သူ များသည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ယာဉ်ရပ်နားရန် နေရာ ထောက်ခံချက် ပါရှိမှသာ သွင်းကုန်လိုင်စင် ခွင့်ပြုမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

လတ်တလော မော်တော်ယာဉ် ဈေးကွက် အတွင်း စလစ် ဈေးနှုန်းများ ငွေကျပ် လေးသိန်းခန့် မြင့်တက်လာပြီး အရောင်းအဝယ် မှာ ငြိမ်သက်လျက် ရှိကြောင်း မော်တော်ယာဉ် ဈေးကွက် အတွင်းမှ သိရသည်။

ယင်းသို့ ပြုလုပ်ခြင်း ကြောင့် မော်တော်ယာဉ် တင်သွင်းရာတွင် အခက်အခဲများ ဖြစ်ပေါ် လာနိုင်ပြီး တင်သွင်းခွင့် အခက်အခဲ ကြောင့် မော်တော်ယာဉ် ဈေးနှုန်းများ ပြန်လည် မြင့်တက်လာ နိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထား ရာတွင် ဆိပ်ကမ်း ရောက်ပြီးမှ သွင်းကုန် လိုင်စင် လျှောက်ထားခြင်း ကိုလည်း ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ခွင့်ပြုမည် မဟုတ်တော့ ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာ ၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ ထားသည်။

လာမည့်နှစ် အတွင်း မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ် နှစ်များကိုလည်း ထုတ်ပြန် ကြေညာထားပြီး ဘယ်မောင်း မော်တော်ယာဉ် များကိုသာ တင်သွင်း ခွင့်ပြုမည် ဆိုခြင်းကြောင့် မော်တော်ယာဉ် ဈေးနှုန်းများ
အတက်ဘက် သို့ ဦးတည် နေကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင် များထံမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နား နေရာ ထောက်ခံချက် ပုံစံများကို သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန များတွင် စုံစမ်း ကြည့်ရှု နိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment