Pages

Wednesday, December 3, 2014

မြန်မာလူမျိုး နှင့် သွေးဆေး


မြန်မာလူမျိုး နှင့် သွေးဆေး

ကြည်မြင့်လွင် (မုဒြာ)

သွေးတိုးရောဂါ ဟူသည်မှာ မြန်မာလူမျိုး တို့ကို အင်္ဂလိပ်တို့ ကျူးကျော် အုပ်ချုပ်ပြီး နောက်ပိုင်းမှ ပေါ်ပေါက် လာသော ရောဂါမျိုး ဖြစ်သည်။ ရှေးခေတ် ဆေးကျမ်းများ တွင် သွေးတိုးရောဂါ ဟူ၍ တသီးတခြား ပါရှိသည်ကို 

မတွေ့ရဖူးပါ။ သို့သော် သွေးအားကျ၍ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အိပ်မပျော်ခြင်း တို့အတွက် မြန်မာဆေး၊ ရိုးရာဆေး၊ အိမ်သုံးဆေး အဖြစ် အမြဲသုံးစွဲ ကြသော ဆေးမှာ ''သွေးဆေး'' ဖြစ်သည်။

သွေးဆေးသည် ခေါင်းမူးသည့် သူများအတွက် သောက်သုံးလေ့ ရှိသည်။ ရှေးက ဆရာကြီးများသည် ယခုခေတ် ကဲ့သို့ သွေးပေါင်ချိန် ကိရိယာမရှိ။ လက်ကောက်ဝတ်၊ လက်မရင်းရှိ ဓမနီ သွေးကြောကို သွေးစမ်းသည်။ 

သွေးလုံး အကြီး - အသေး၊ အရှိန်အဟုန် ကောင်း - မကောင်း ကို သွေးစမ်း ပညာဖြင့် စမ်းသပ်ပြီး အမူးရောဂါကို (၁)လေမူး (၂) သွေးမူး ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားသည်။ လေမူးရောဂါ အတွက် လေဆေး လေနှိမ်ဆေး၊ လေပူကျဆေး များပေးပြီး သက်သာ စေသည်။ သွေးမူးရောဂါ အတွက် သွေးဆေးကို ပေးလျှင် ခေါင်းအုံခေါင်းမူး သက်သာ သွားသည်။

(၁) လေမူးနှင့် (၂) သွေးမူးရောဂါ များ၏ လက္ခဏာများကို ဆန်းစစ် ကြည့်သောအခါ ယခုခေတ် သွေးပေါင်ချိန်တိုင်း ကိရိယာတွင် ပြဒါး ဖိအားဖြင့် အပေါ်သွေး၊ အောက်သွေး BP 140/90 mm Hg. အထက် တက်နေလျှင် သွေးတိုးရောဂါ ဖြစ်သည်။ ထို လက္ခဏာသည် လေမူး လက္ခဏာနှင့် တူနေသည်။ BP 120/80 mm Hg. အောက်ကျ နေလျှင် သွေးပေါင်ကျ သည်ဟု ခေါ်သည်။ သွေးပေါင်ကျ သူ၏ မူးဝေသော လက္ခဏာ များမှာ သွေးမူး လက္ခဏာနှင့် တူသည်ကို တွေ့ရသည်။

ထို့ကြောင့် မြန်မာတို့ အသုံးများသော သွေးဆေး များသည် သွေးမူးအတွက် တစ်နည်းအားဖြင့် သွေးပေါင်ကျသော သူများနှင့် သင့်သည်ကို တွေ့ရသည်။

သွေးဆေးများစွာ ရှိသည်။ အရပ်သားသုံး သွေးဆေးများ ရှိသကဲ့သို့ အဆင့်မြင့် တန်ဖိုးကြီး ဆေးမည်များ (ဥပမာ-ကတိုး၊ ကုံကုမံ၊ ငှက်သိုက်၊ ရွှေ စသည့်...) ပါဝင်သည့် နန်းတွင်းသုံး သွေးဆေးများ အထိ အမျိုးမျိုး တွေ့ရှိရသည်။ ထိုအထဲမှ အိမ်သုံးအဖြစ် သင့်တော်သော သွေးဆေးနည်း တစ်မျိုးကို (၁၉၅၆ခုနှစ်ထုတ်၊ မြိုင်နံ့သာ ဆေးမြီးတို ကျမ်းမှ) ရှာဖွေတင်ပြ လိုက်သည်။

မိဖုရားခေါင်သွေးဆေးနည်း(တေးထပ်)

ရွှေနံ့သာ ဖြူနီဆင့်၊ ထိန်ပွင့်နှင့် ဇဝက်သာ၊ ဇာတိပ္ဖိုလ် သီးပွင့်ပါတယ်။ ပဲနံ့သာမကြွင်း၊ စန္ဒကူးနီ ဖြူဖြူ၊ ကန့်ဘလူ ဆေးမြမှန်ကင်း။ 

သစ်ကြံပိုး၊ ပရုတ်မှန်တယ်၊ ဂေါ်ဝစ္ဆံတစ်သင်း၊ ပန်းနု ကိုထည့် သွင်း၍ လေးညှင်းဟု နာမံ၊ ပန်းဥပါချိန်ညီစု ဂမုန်းဥထည့် ရအမှန်၊ ခြောက်ပါး ဓာတ်ပြတ် ဟန်လျှင် အမြန်ပင်သုံးပ၊ ကိုးခြောက် ဝရန်ကို နှင့် သွေးဆေး ဘုရင်ပြိုင်နှုန်း တုဘက်မမြင် ဝတိံခွင်ဘုံနန်း ထိမွှေး....။

သွေးဆေးနည်းမှာ 

(၁) နံ့သာဖြူ၊ (၂) နံ့သာနီ၊ (၃) ထိန်ပွင့်၊ (၄) ဇဝက်သာ၊ (၅) ဇာတိပ္ဖိုလ်သီး၊ (၆) ဇာတိပ္ဖိုလ်ပွင့်၊ (၇) ပဲနံ့သာ၊ (၈) စန္ဒကူးနီ၊ (၉) စန္ဒကူးဖြူ၊ (၁ဝ) ကန့်ဘလူဥ၊ (၁၁) သစ်ကြံပိုး၊ (၁၂) ပရုတ်၊ (၁၃) ကံ့ကော်ဝတ်ဆံ၊ (၁၄) ပန်းနု၊ (၁၅) လေးညှင်း၊ (၁၆) ပန်းဥ (၁၇) ဂမုန်းဥ စသည့် ဆေးအမည် များကို အလေးချိန် အညီစု၍ ဖော်စပ်လျှင် သွေးဆေးကောင်း ရနိုင်သည်ဟု တင်ပြ လိုက်ရ ပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment