Pages

Monday, December 22, 2014

နံနက်ခင်း နေရောင်ခြည်နှင့် ကိုယ်အလေးချိန် လျော့ချမှု


နံနက်ခင်း နေရောင်ခြည်နှင့် ကိုယ်အလေးချိန် လျော့ချမှု

ခင်

လမ်းလျှောက်ခြင်း သည် ကျန်းမာရေး အတွက် အထောက်အကူ အမျိုးမျိုး ဖြစ်စေနိုင်ပြီး အထူးသဖြင့် နံနက်ခင်း နေရောင်ခြည် အောက်တွင် လမ်းထွက် လျှောက်ခြင်းသည် ကိုယ်အလေးချိန် လျော့ကျရန် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း Northwestern University မှ သုတေသန ပညာရှင်များက ယခုနှစ် အစောပိုင်းတွင် ပြောကြားသည်။

နေရောင်ခြည်နှင့် ထိတွေ့မှုသည် ခန္ဓာဗေဒ ပြောင်းလဲ လည်ပတ်မှု ဖြစ်စဉ်တွင် ကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်ပတ်သက် နေပြီး အလားတူ နည်းမျိုးဖြင့်ပင် နေရောင်ခြည် ထိတွေ့မှု ပမာဏအဆင့်ကို လိုက်၍ အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ပျော်ခြင်း တို့ ဖြစ်ပေါ်စေရန် အချက်ပြ လှုံ့ဆော် ပေးနိုင်ကြောင်း သုတေသီ များက အစောပိုင်း ကာလ ကတည်းက ထုတ်ပြန် ထားခဲ့ပြီး ဖြစ်သည်။ ကြွက်ကဲ့သို့သော တိရစ္ဆာန် များတွင် လေ့လာ တွေ့ရှိချက်များအရ နေရောင်ခြည် ထိတွေ့မှု နှင့် ကိုယ်အလေးချိန် လျော့ကျမှု တို့အကြား အလားတူ အပြန်အလှန် ဆက်နွှယ်မှုများ ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုတွေ့ရှိ ထားသော နံနက်စောစော နေရောင်ခြည် ထိတွေ့မှုနှင့် လူ့ခန္ဓာကိုယ် အလေးချိန်တို့ အကြား ဆက်နွှယ်နေမှုမှာ အလွန်အမင်း အံသြဖွယ် မဟုတ်ကြောင်း၊ လေ့လာ စမ်းသပ်မှုတွင် ဖော်ပြပါ အကြောင်းအရာ နှစ်ခုသည် အပြန်အလှန် ဆက်နွှယ် နေသည်ကို အတည်ပြု ထားပြီး ဖြစ်သော်လည်း မည်သည့် အတွက်ကြောင့် ထိုသို့ ဆက်စပ် နေသည်ကိုမူ အတည်ပြု ထားရခြင်း မရှိသေးကြောင်း သိရသည်။

သို့သော် နံနက်ခင်း နေရောင်ခြည်နှင့် ထိတွေ့မှုသည် ကိုယ်အလေးချိန် လျော့ကျ စေမည်မှာ သေချာသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် နံနက်ခင်း နေရောင်ခြည်နှင့် လိုက်လျော ညီထွေမှု ရှိစေပြီး ခန္ဓာကိုယ် အတွက် ဗီတာမင် - ဒီ နှင့် မယ်လာနင်ဓာတ် တို့ ရရှိမှုသည် နေ့စဉ် အိပ်စက်ခြင်း နှင့် နိုးထခြင်း ဆိုင်ရာ လည်ပတ်မှု များတွင် ကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်နေခြင်း ကြောင့်ဖြစ်သည်။ ၄င်းအချက်သည် နံနက်ခင်း နေရောင်ခြည် အောက်သို့ ထွက်၍ လမ်းလျှောက်ခြင်း နှင့်လည်း ဆက်နွှယ်မှု တစ်ရပ်ရှိကြောင်း သိရသည်။

ထို့ကြောင့် နံနက်ခင်း နေရောင်ခြည် အောက်သို့ ထွက်၍ လမ်းလျှောက်ခြင်း သည် ကျန်းမာရေး အတွက် ဆိုးကျိုး တစ်စုံတစ်ရာ မရှိနိုင်သည့် အပြင် ခန္ဓာကိုယ် အလေးချိန် လျှော့ချမှုအတွက် များစွာ အထောက်အကူ
ဖြစ်စေနိုင်ကြောင်း သုတေသီ များက အကြံပြု ပြောကြား ထားသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment