Pages

Tuesday, December 2, 2014

ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး


ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး

ဧရာဝတီမြစ်သည် မြန်မာပြည်၏ ပင်ကိုယ်အလှ၊ မြန်မာပြည်၏ ပကတိဘဝ၊ မြန်မာပြည်၏ ပကတိ အသက်သွေးကြော ဖြစ်သည်။ ထို့ကြောင့် ဧရာဝတီမြစ် အစဉ် တည်မြဲရေး၊ အလှမပျက် စေရေးအတွက် ဆောင်ရွက်ရန်မှာ မြန်မာနိုင်ငံသား အားလုံး၏ တာဝန်ဖြစ်သည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ မြောက်ဖျားမှ မြစ်ဖျားခံပြီး တောင်ဘက် ကပ္ပလီပင်လယ် ထဲသို့ မြစ်ချောင်းခွဲ၊ မြစ်လက်တက် ပေါင်းများစွာ တို့နှင့်အတူ နှစ်ပေါင်း ထောင်ချီ စီးဆင်းနေဆဲ ဖြစ်သည်။ အလျား ၁၅၆၈ ကီလိုမီတာ ရှည်လျားသော ဧရာဝတီမြစ် သည် နှစ်သက်တမ်း ကြာညောင်းလာမှု၊ လူတို့၏ ပယောဂ၊ သဘာဝ ပတ်ဝန်းကျင်မှ ဧရာဝတီပေါ် သက်ရောက်မှု စသည်တို့ကို သတိမမူ သောကြောင့် ဧရာဝတီအလှ၊ ဧရာဝတီဘဝများ ပျက်စီး လာသည်ကို တွေ့လာ ရသည်။

ထို့ကြောင့် ဧရာဝတီတွင် အခြေတည်သည့် မြန်မာ ပြည်သားတို့ ဧရာဝတီကို ပြန်လည် ထိန်းသိမ်း ပုံဖော်ရန် စီစဉ်လျက် ရှိသည်မှာ ဝမ်းသာစရာ ဖြစ်သည်။ ယခုအခါ ဧရာဝတီ မြစ်ရိုးတစ်လျှောက် တွင် ပြုပြင် ထိန်းသိမ်းရေး အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေများ ရယူ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ပြင် တစ်လွှားရှိ ရေပြင်အစား သောင်ပြင် ဖွေးဖွေးများ နေရာယူထား သဖြင့် ရေကြောင်းသွား စက်ရေယာဉ်များ အခက်တွေ့ နေရသည်။ ထို အခက်အခဲများကို ချေးငွေ များရယူကာ ဖြေရှင်း၍ မြန်မာပြည် အထက် - အောက် စုန်ချီ - ဆန်ချီ လွတ်လွတ်လပ်လပ် သွားလာ နိုင်မည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ထင်ရှားသည့် ဒင်ညုမြစ်၊ မစ္စစ္စပီမြစ် တို့တွင် မြစ်ပြင် ထိန်းသိမ်းမှု ဆောင်ရွက် နေသကဲ့သို့ မြန်မာပြည်မှ ဧရာဝတီမြစ် ကို ပြုပြင် ပေးခြင်းဖြင့် ဧရာဝတီ လှပသကဲ့သို့ ပြည်သူများ ၏ ဘဝများလည်း စိုပြည်လှပ လာမည် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းသည် အချိန်ယူ ဆောင်ရွက် ရမည့် ရေရှည် လုပ်ငန်းဖြစ်ပြီး လတ်တလောတွင် ဧရာဝတီမြစ် ထိန်းသိမ်းရေးကို တိုင်းထွာ တွက်ချက် ဆောင်ရွက်နေကာ ငွေကျပ် သန်းပေါင်း ထောင်ချီ အကုန်အကျခံ ဆောင်ရွက် သွားရမည် ဖြစ်သည်။

မြစ်ကြောင်း ကောခြင်း၊ မြစ်ကြောင်း ပျက်စီးခြင်း၏ အဓိကအချက်မှာ သောင်ထွန်းခြင်း ဖြစ်သည်။ သောင်ထွန်းခြင်း ၏ အကြောင်းရင်းမှာ မြေဆီလွှာ၊ မြေသားများကို ထိန်းသိမ်း ထားနိုင်သည့် သစ်တောများ ပြုန်းတီးလာခြင်း ကြောင့်လည်း ဖြစ်သည်။ တစ်ဖက်မှ သောင်တူးခြင်း၊ မြစ်ကြောင်း ထိန်းထိမ်းခြင်းများကို ဆောင်ရွက် နေသကဲ့သို့ အခြားတစ်ဖက် တွင်လည်း သစ်တောသစ်ပင် များကို ထိန်းသိမ်းကြ ရမည်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ပလိုင်းပေါက်နှင့် ဖားကောက် သကဲ့သို့ အကျိုးရရှိမှု နည်းပါး မည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ် ထိန်းသိမ်းရေးသည် အရေးပါ၍ ထိန်းသိမ်းမှု များကို ဆောင်ရွက် နေသကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုလည်း ဆောင်ရွက်လျက် ရှိရာတွင် မြန်မာနိုင်ငံသား အားလုံးက အသိရှိရှိ ပါဝင်ဆောင်ရွက် ကြမှသာ အောင်မြင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment