Pages

Monday, December 22, 2014

အဆင့်မြင့် အရည်အသွေးကောင်း ဆန်စပါး စိုက်ပျိုးရေး


အဆင့်မြင့် အရည်အသွေးကောင်း ဆန်စပါး စိုက်ပျိုးရေး

မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ဆန်စပါးကို ခေတ်အဆက်ဆက် စိုက်ပျိုး လာရာတွင် စနစ်များစွာ ပြုပြင်ပြောင်းလဲ လာခဲ့သော်လည်း တူညီသော အဓိက ရည်မှန်းချက်မှာ အထွက်နှုန်း တိုးတက်ရေး ဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့သည် အဆင့်အတန်းမြင့် စပါးများ စိုက်ပျိုး ထုတ်လုပ်ပြီး ကမ္ဘာ့ ဆန်ဈေးကွက်တွင် နေရာယူလျက် ရှိနေသည်။ ဆန်စပါး ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွင် စပါးအထွက်နှုန်း သာမက ဆန်အရည်အသွေး မြှင့်တင်ရေး သည် အရေးကြီးသော အခန်းကဏ္ဍ အနေဖြင့် ရပ်တည် လာသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုကို လေ့လာကြည့် သောအခါ အရည်အသွေး မြင့်မားသည့် စပါးမျိုး များကို ရွေးချယ် စိုက်ပျိုးမှု နည်းပါးလျက် ရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတကာသို့ တင်ပို့နေသောဆန်ဈေးကွက် သည် ၂၅ မှတ်တန် ဆန်အဆင့်သာ ရှိကြောင်း သိရသည်။ ထိုအဆင့်သည် အဆင့်အတန်းမြင့် ဆန် ( Premium Rice ) မဟုတ်၍ ဈေးကောင်း မရကြောင်း သိရသည်။

အဆင့်အတန်းမြင့် ဆန်သည် စားသုံးသူ ရွေးချယ်ပိုင်ခွင့် ရှိသော အခွင့်အရေး တစ်ရပ်ဖြစ်ပြီး စားသုံးသူကို ရွေးချယ်ပိုင်ခွင့် ပေးထား၍ ဈေးနှုန်းမြင့်မား သော်လည်း ကြိုက်နှစ်သက်မှု အရ သုံးစွဲကြသည် ဖြစ်သောကြောင့် ဈေးကွက် ခိုင်မာသည်။ ထို့ကြောင့် စားသုံးသူများ အဓိက အကဲဖြတ် သော စံနှုန်းများကို ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် အလေးထား ဂရုပြုရန် လိုသည်။

နိုင်ငံတကာစံနှုန်းများ အရ လည်းကောင်း၊ စားသုံးသူများ၏ ပြောင်းလဲ  လာသော စားသုံးမှုပုံစံ အရ လည်းကောင်း ၄င်းတို့ ကြိုက်နှစ်သက်သော ဆန်ကို ဈေးအမြင့် ပေးကာ ဝယ်ယူနေသည်။ ထို အခြေအနေကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူ များက နားလည်ပြီး အရည်အသွေး ကောင်း ဆန်စပါးများ ရွေးချယ် စိုက်ပျိုးထုတ်လုပ် ကြခြင်းဖြင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မား လာမည် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နေရာဒေသ အမျိုးမျိုး၊ လူတန်းစား အမျိုးမျိုး၏ ကြိုက်နှစ်သက်မှု ပုံစံကို လည်းကောင်း၊ နိုင်ငံတကာ အလိုက် စားသုံးသူများ ကြိုက်နှစ်သက်သော ဆန်အမျိုးအစား ကို လည်းကောင်း သိရှိ နားလည်အောင် မြန်မာနိုင်ငံမှ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် သုတေသနပြု လေ့လာ သင့်သည်။ ဒေသအသီးသီး၊ နိုင်ငံအသီးသီး မှ စားသုံးသူများ၏ ကြိုက်နှစ်သက်မှု အပေါ် အခြေခံကာ စိုက်ပျိုးထုတ်လုပ် နိုင်ခြင်းဖြင့် တောင်သူများ အတွက် ဈေးကွက် ကောင်း ဖော်ဆောင်ပေး သကဲ့သို့ နိုင်ငံအတွက် လည်း ဝင်ငွေတိုးမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ အတွင်း ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရာတွင် ဒေသတွင်း ဝမ်းစာ ဖူလုံရေး အထွက်နှုန်းနည်း ဒေသများတွင် အထွက်နှုန်း တိုးတက်မြင့်မား ရေးကို ကြိုးပမ်း ဆောင်ရွက် နေသကဲ့သို့ ကမ္ဘာ့ဆန် ဈေးကွက်တွင် နေရာယူနိုင်သည့် အဆင့်မြင့် အရည်အသွေး ကောင်း ဆန်စပါး များကို တင်ပို့နိုင်ရန် လည်း ကြိုးစားမှသာ တောင်သူများ ဝင်ငွေတိုးတက် ၍ လူမှု အဆင့်အတန်း မြင့်မားလာမည် ဖြစ်သည်။ ထိုနည်းတူစွာ ပင် စိုက်ပျိုးနည်း စနစ်နှင့်အတူ အဆင့်မြင့် အရည်အသွေးကောင်း မျိုးစပါးများ တောင်သူများ လုံလောက်စွာ ရရှိအောင် ကူညီပေးရန် လိုအပ်ကြောင်း အကြံပြု ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment