Pages

Tuesday, December 30, 2014

ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ၀င်ငွေတိုး


ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ၀င်ငွေတိုး

လူသားတို့ ကိုယ်ပိုင် အားလပ်ချိန် ပိုရသည် သာမက သုံးစွဲနိုင်သည့် ငွေကြေး အတိုင်းအတာ ပိုလျှံ လာသောအခါ မိမိနေထိုင်ရာ ဒေသမှ အခြား တစ်ရပ်တစ်ကျေး သို့ ခြေဆန့်၍ စူးစမ်းလာ ကြသည်။ ကမ္ဘာကြီး တိုးတက် လာသည်နှင့် အမျှ ပို့ဆောင်ရေး ဆိုင်ရာ ယာဉ်အမျိုးမျိုး လည်း ခရီးသွား လာရေးကို အထောက်အကူ ပေးလာသော အခါ တစ်နေရာမှ တစ်နေရာသို့ သွားလာရန် အဆင်ပြေ လာသည်။

ထိုအခါ ခရီးသွားလာမှု များပြားလာပြီး ခရီးသွား ဝန်ဆောင်မှုသည် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ပြောင်းလဲ ဖြစ်ပေါ် လာသည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရများ ကလည်း ဝင်ငွေကောင်းသော ခရီးသွား လုပ်ငန်းကို အားပေး အလေးထား လာကြသည်။ နိုင်ငံအလိုက် ခရီးသွား လုပ်ငန်းကို အပြိုင် လုပ်ကိုင် လာကြသည်။

ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ ကလည်း စီးပွားရေး ဈေးကွက်တွင် အကောင်းဆုံး ကြိုးစား ဆောင်ရွက် လာကြသည်။ ဧည့်ဝတ် ကျေပွန်စွာ လက်ခံခြင်း၊ ဧည့်သည်တို့၏ သိလို စိတ်ဆန္ဒကို ဖြည့်စွမ်း ပေးနိုင်သည့် စိတ်ဝင်စား ဖွယ်ရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ တောတောင် ရေမြေ တိရစ္ဆာန် ပိုးမွှားငယ်များ တည်ရှိနေသည့် နိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ပို၍ အောင်မြင် ကြသည်။

ခရီးသွား လုပ်ငန်းသည် စီးပွားရေး အသွင်ဖြင့် ၁၉ ရာစုအကုန်တွင် တစ်ဟုန်ထိုး တိုးတက်လာသည်။ မြန်မာနိုင်ငံ တွင်လည်း ခရီးသွားလုပ်ငန်း ကို တိုးတက်လုပ်ကိုင် လာနိုင်ခဲ့သည်။ မြန်မာနိုင်ငံ တွင် ခရီးသွားတို့ စိတ်ဝင်တစား လေ့လာလိုသည့် ရာသီဥတု၊ တောတောင်ရေမြေ၊ သားရဲတိရစ္ဆာန် မှ ပိုးမွှားအထိ အပြည့်အစုံ ရှိသော်လည်း ခရီးသွားတို့ သွားလာရာတွင် အဆင်ပြေသည့် ဝန်ဆောင်မှုမျိုး လိုအပ်နေဆဲ ဖြစ်သည်။

တစ်နေရာမှ အခြား တစ်နေရာသို့ အပန်းဖြေ ခရီးစဉ်၊ ဗဟုသုတ ရှာဖွေရေး ခရီးစဉ်အတွက် စိုက်ထုတ်ရမည့် လိုအပ်ချက်များမှာ ပို့ဆောင် ဆက်သွယ်ရေး၊ တည်းခို နေရာချထားရေး၊ စားသောက်ရေး၊ လှည့်လည် ပြသရေး၊ ဖျော်ဖြေရေး စသည့် ခရီးသွားတို့ စိတ်ဝင်စားမည့် အရာများ ဖြစ်သည်။

ထိုအရာများကို ပိုမို ကောင်းမွန်ရန် နှင့် ဆွဲဆောင်နိုင်မှု ရှိရန်အတွက် ဟိုတယ်များ အလုံအလောက် ရှိရန်၊ ဧည့်လမ်းညွှန် ကောင်းများ အလုံအလောက် ရှိရန်၊ ပို့ဆောင်ပေးမည့် ယာဉ် အလုံ အလောက် ရှိရန် ရှေးဟောင်း ပြတိုက် ပြခန်းများ ရှိရန်အတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိက  လုပ်ငန်းရှင် များက ကြိုးစားလျက် ရှိသည်။

သို့ဖြစ်ရာ ကမ္ဘာလှည့် ခရီးသွားတို့ စိတ်ဝင်စားဖွယ်ရာ လေ့လာစရာများ ပြည့်စုံပြီး လည်ပတ်၍ မကုန်အောင် ဆွဲဆောင်မှု အပြည့်ရှိသော မြန်မာပြည်သို့ ခရီးသွားတို့ လာရောက် လည်ပတ်ရာတွင် အဆင်ပြေ စေမည့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ၏ စွမ်းရည်နှင့် လိုအပ်ချက် များကို အဆင့်မီ ဖြည့်ဆည်း သွားခြင်းဖြင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာပြီး နိုင်ငံနှင့် လူမျိုးအတွက် ခရီးသွား လုပ်ငန်းမှ ဝင်ငွေတိုးတက် လာစေမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment