Pages

Sunday, December 28, 2014

အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပမည်


ပုသိမ်ကြီး ၊ ၂၈-၁၂-၂၀၁၄

မန္တလေး ပုသိမ်ကြီး မြို့နယ်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် အနေဖြင့် ဘွဲ့အပ်နှင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ဝ ရက် (အင်္ဂါနေ့) တွင် မန္တလေး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ကို ၂ဝဝ၁ နှစ် နိုဝင်ဘာ ၅ ရက်တွင် ယဉ်ကျေးမှု တက္ကသိုလ် (မန္တလေး) အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ သက်တမ်း အားဖြင့် ၁၃ နှစ်ရှိခဲ့ပြီ ဖြစ်သည်။

အဆိုပါ တက္ကသိုလ်တွင် မေဂျာဘာသာ အဖြစ် ပန်းချီ၊ ပန်းပု၊ ဂီတ၊ ဇာတ်သဘင်ပ ညာရပ် တို့ကို သင်ကြားပေး၍ မိုင်နာဘာသာ အဖြစ် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာနှင့် ယခုအခါ စာကြည့်တိုက် ပညာ ဘာသာရပ် တို့ကို သင်ကြား ပေးကြောင်း သိရသည်။

ဘွဲ့အားဖြင့် B.A ဘွဲ့အပ်နှင်း၍ တက္ကသိုလ်ဝင်တန်း အောင်မြင်လျှင် လျှောက်ထား နိုင်ကြောင်း၊ ရမှတ် သတ်မှတ်ထားခြင်း မရှိဘဲ လူတွေ့ စစ်ဆေးမှုသာ ပြုလုပ်ကြောင်း သိရသည်။

ထို့ပြင် အခြားတက္ကသိုလ် များမှ မည်သည့် ဘာသာနှင့် ဘွဲ့ရခဲ့သည် ဖြစ်စေ ဤ အနုပညာ တက္ကသိုလ်၌ ဒီပလိုမာ တက်ရောက် နိုင်ကြောင်း နှင့် ယခုအခါ ဂုဏ်ထူးတန်းများ ဖွင့်လှစ်၍ သင်ကြား ပေးလျက်ရှိပြီး မဟာတန်းများ ဖွင့်လှစ်နိုင်ရေး အတွက်လည်း စီစဉ်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် ဘွဲ့နှင်းသဘင် တွင် ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ တစ်ဦး၊ ဘွဲ့လွန် အနုပညာ ဒီပလိုမာ ဂီတ ငါးဦး၊ ဘွဲ့လွန် အနုပညာ ဒီပလိုမာ သဘင် သုံးဦး၊ ဒီပလိုမာ ပန်းချီ တစ်ဦး၊ ဒုတိယနှစ် ဂုဏ်ထူးတန်း ဂီတ သုံးဦး၊ ဒုတိယနှစ် ဂုဏ်ထူးတန်း သဘင် ခုနစ်ဦး၊ ဒုတိယနှစ် ဂုဏ်ထူးတန်း ပန်းချီ လေးဦး၊ တတိယနှစ် ဂီတရိုးရိုး ၁၃ဦး၊ ဒုတိယနှစ် သဘင် ၂၇ဦး၊ တတိယနှစ် ပန်းချီ ကိုးဦး၊ တတိယနှစ် ပန်းပု လေးဦး၊ စုစုပေါင်း ၇၇ ဦး ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ကိုထူးအံ့(အမရ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment