Pages

Wednesday, December 3, 2014

မြန်မာ - ပြင်သစ်နှစ်နိုင်ငံ ပူးပေါင်း၍ လေယာဉ်များ အကြီးစားပြုပြင်နိုင်မည့် အလုပ်ရုံ တည်ဆောက်ခြင်း လုပ်ငန်း စတင်ဆောင်ရွက်



ရန်ကုန် ၊ ၃-၁၂-၂၀၁၄

ပြည်တွင်းရှိ မြန်မာ့လေကြောင်း နှင့် ပြင်သစ်နိုင်ငံမှ ATR လေကြောင်း ကုမ္ပဏီတို့ ပူးပေါင်း၍ လေယာဉ်များကို အကြီးစား ပြုပြင်နိုင်မည့် အလုပ်ရုံ တည်ဆောက် ခြင်းအား ယခုအခါ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ စတင် အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အစိုးရ လေကြောင်းလိုင်း အပြင် ပုဂ္ဂလိက လေကြောင်းလိုင်း များမှ လေယာဉ်များ၏ စက် အစိတ်အပိုင်း များ တစ်စုံတစ်ရာ ပျက်စီး ချွတ်ယွင်းပါက အသေးစား ချွတ်ယွင်းမှု များကို ပြည်တွင်း၌ ပြုပြင် ဆောင်ရွက် နိုင်သော်လည်း အကြီးစား ပျက်စီး ချွတ်ယွင်းမှု များကို လေယာဉ် ထုတ်လုပ်သော ပြည်ပနိုင်ငံ များသို့ ပြန်လည် ပေးပို့၍ ပြုပြင် ဆောင်ရွက်ကြ ရသည်။

ထိုသို့ ပြည်ပနိုင်ငံ များသို့ ပို့ဆောင်ကာ ပြုပြင် ဆောင်ရွက် ရာ၌ အချိန်များစွာ ယူ၍ ဆောင်ရွက်ရခြင်း၊ လုပ်ငန်း တွင်ကျယ်မှု မရှိခြင်း၊ ငွေကုန်ကြေးကျ အလွန်များခြင်း စသည့် အားနည်း ချက်များ ကြုံတွေ့ နေရသဖြင့် ပြည်တွင်း၌ လေယာဉ်များ အကြီးစား ပြုပြင်ထိန်းသိမ်းရေး စက်ရုံ တည်ဆောက် ၍ ပျက်စီး ချွတ်ယွင်းမှု အားလုံးနီးပါး ကို ပြုပြင် သွားနိုင်ရန် ယခုကဲ့သို့ ပြင်သစ်နိုင်ငံမှ ATR လေကြောင်း ကုမ္ပဏီနှင့် မြန်မာ့ လေကြောင်း တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပြုပြင် ထိန်းသိမ်းရေး စက်ရုံကို လအနည်းငယ် ကြာအောင် အချိန်ယူ တည်ဆောက် ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အသေးစား ချွတ်ယွင်း နေသော လေယာဉ် များကို စတင်ပြုပြင် ပေးနိုင်မည် ဖြစ်၍ ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် လေယာဉ် တစ်စင်းလုံး နီးပါးကို ပြုပြင် ထိန်းသိမ်း နိုင်သည်အထိ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အလုပ်ရုံ အတွက် လိုအပ်သော အင်ဂျင်နီယာ များနှင့် စက်မှု အတတ် ပညာရှင် များကိုလည်း ATR လေကြောင်း ကုမ္ပဏီမှ အသိအမှတ်ပြု လက်မှတ် ရသည်အထိ လေ့ကျင့် သင်ကြား ပေးရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် အကြီးစား ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းကို နိုင်ငံတော် အစိုးရမှ စတင် ဆောင်ရွက် နေခြင်း ဖြစ်သော်လည်း နောင်တစ်ချိန်တွင် ပုဂ္ဂလိက လုပ်ငန်းရှင် များပါ ပြည်တွင်း စီးပွားရေး လုပ်ငန်းတစ်ရပ် အနေဖြင့် လုပ်ကိုင် ဆောင်ရွက် လာနိုင်ဖွယ် ရှိကြောင်း ၄င်းက ပြောသည်။ 

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment