Pages

Monday, December 8, 2014

သမီးကို စွန်ချီ


သမီးကို စွန်ချီ

မဒါလေး

နံနက်ခင်း လေပြေညင်းက အေးမြမှုကို ဆောင်ကြဉ်းလျက် ချင်းနင်း ဝင်ရောက်လာသည်။ ဆောင်း၏ အရသာ စစ်စစ်ကို ခံစားဖို့ထက် ရင်ထဲက အပူမီးကို ငြိမ်းဖို့က ပိုအရေးကြီး နေသည် ဖြစ်သဖြင့် ခပ်မြန်မြန် လျှောက်မိသည်။ ဒေါ်ချို မှာ အမည်နှင့် လိုက်အောင် ရွှင်ပြုံးသော မျက်နှာထား ရှိသည်။ လူအများအပေါ် ကြင်နာတတ်ပြီး သူ၏ မိသားစု အပေါ်တွင်လည်း အစစအရာရာ မိခင်ပီသစွာဖြင့် စွန့်လွှတ် အနစ်နာခံ တတ်သည်။ 

သားသမီးများ အပေါ်တွင်လည်း လိုအပ်သည်ထက် ပို၍ ဂရုစိုက် တတ်သည်မှာ အများက ချီးကျူးရသည် အထိပင် ဖြစ်သည်။ဒေါ်ချိုတို့ မိသားစုမှာ ခင်ပွန်းသည်၏ ဝင်ငွေပေါ်တွင်သာ မှီခို နေရသော်လည်း အတန်အသင့် ပြည့်စုံသူများ ဖြစ်ကြသည်။ ခင်ပွန်းသည်မှာ ကုန်တင် ဆယ်ဘီးကား မောင်းသူဖြစ်ပြီး သားတစ်ယောက် သမီး နှစ်ယောက်ကို ပညာ ပြည့်စုံအောင် ပေးနိုင်သူ ဖြစ်သည့်အပြင် လူတန်းစေ့ ထားနိုင်အောင် ကြိုးစားသူလည်း ဖြစ်သည်။ အသောက် အစား ကင်းသည်။ အလောင်းအစား ရှင်းသည်။ သားနှင့်မယား အတွက်သာ ကြိုးစား ရှာဖွေသူ ဖြစ်သည်။ 

သို့အတွက် ဒေါ်ချိုမှာ သားသမီးများ နေထိုင် စားသောက်ရေး အတွက် ဂရုစိုက်ရန်သာ သူ၏ အလုပ်ဖြစ် နေတော့သည်။ ခင်ပွန်းသည် အတွက်တစ်မျိုး၊ သားအတွက် တစ်ဖုံ၊ သမီးနှစ်ယောက် အတွက်တစ်ခါ အမျိုးမျိုး မရိုးနိုင်အောင် လုပ်ပေးတတ်ေ သးသည်။ အများက အောချ လောက်အောင်ပင် ဒေါ်ချိုမှာ သူ၏ မိသားစုအပေါ် စောင့်ရှောက်သည်။

သမီးနှစ်ယောက် မှာလည်း မိခင်၏ စောင့်ရှောက်မှု အောက်တွင် ခေတ်နှင့်အညီ လှပ ကြသည်။ ရပ်ကွက်ထဲမှာ သာမက ဘေးပတ်ဝန်းကျင် များကပါ သဘောကျ သဖြင့် ဒေါ်ချို ခြံရှေ့မှာ ချောင်းပေါက် မတတ် ခေတ်လူငယ် လေးများ ရောက်လာ တတ်ကြသည်။ တစ်ခါတစ်ရံ ခေတ်လူငယ်များ သာမက ခေတ်လူကြီး များပါ မယောင်မလည် ရောက်လာတတ် သေးသည်။ အသားတစ်ကို မြင်သော စွန်များပမာ ဒီခြံအနီး နားတွင်ပင် တဝဲလည်လည် ဖြစ်နေကြသည်။ သမီးများ ကျောင်းသွား၊ သင်တန်းတက် ပါမကျန် ဒေါ်ချိုမှာ နောက်မှ တကောက်ကောက် လိုက်ကာ လိုက်ပို့ တတ်သည်။ သမီး အချောအလှ လေးမို့ ယနေ့ အချိန်ခါက နောက်မှ လိုက်နိုင်မှ တော်ရာကျမည် ဟုလည်း ပြောတတ် သေးသည်။

ဒေါ်ချိုမှာ တောမှ တက်လာသော အညာသူပီပီ အသား အနည်းငယ် ညိုသော်လည်း အရွယ်ရောက် ကတည်းက မြို့ပေါ်ရောက်ကာ မြို့မှာပင် အိမ်ထောင်ကျ သည့်အတွက် အနေအထိုင် ကတော့ ခေတ်မီသည်။ သူမ၏ သားသမီးများက မြို့မှာမွေးသည့် မြို့သူ၊မြို့သား စစ်စစ်များ ဖြစ်ကြသည့် အတွက် ဖြူလွလွနှင့် ယဉ်လှကြသည်။ သူ၏ သားသမီး များကို သူမထက် မြင့်သော ဘဝကို ပိုင်ဆိုင်နိုင်ဖို့မှာ ဒေါ်ချို၏ ဆန္ဒဖြစ်သည်။ အကြီးဆုံးသား ကျောင်းပြီးချိန် မှာပင် ခင်ပွန်းဖြစ်သူ ကျန်းမာရေး မကောင်းသဖြင့် ကားကြီး ဆက်မောင်းရန် မဖြစ်နိုင် တော့ပေ။

မိသားစု စီးပွားရေးအရ မည်သို့မျှ မတတ်သာသည့် အဆုံး သားကြီးကို ကားဆက်မောင်း စေရန် ဆုံးဖြတ်လိုက် ရသည်။ စက်မှုဇုန်ထုတ် ကားလေးတစ်စီး ဝယ်ကာ သမီးများကို ကျောင်းကြိုပို့ရင်း ခင်ပွန်းသည်က ကျောင်းကား မောင်းသည်။ ထိုသို့ အဆင်ပြေပြေ နေလာစဉ် နွေအကုန် မိုးအကူးတွင် ခင်ပွန်းသည် ကောက်ကာ ငင်ကာ ဆုံးသွားသည်။ တစ်သက်လုံး အားကိုးလာသော ခင်ပွန်းသည် ဆုံးပါးသွား သဖြင့် ဒေါ်ချိုတစ်ယောက် သောကဝေလျက် တမှိုင်မှိုင် တတွေတွေဖြင့် စိတ်သွားတိုင်း ကိုယ်မပါနိုင် ဖြစ်နေတော့သည်။ ခင်ပွန်းသည် ဆုံးသဖြင့် သားသမီးများ အပေါ်တွင်လည်း တာဝန်များ ယုတ်လျော့ လာသည်။ အလှူလေး လုပ်လိုက်၊ သွားလေသူကို သတိရ လိုက်ဖြင့် အိမ်မှာ တမှိုင်မှိုင် တတွေတွေ ဖြင့်သာ အချိန်ကုန်မှန်း မသိ ကုန်နေမိ တော့သည်။ သမီးများလည်း ကျောင်းပြီးသွားပြီ ဖြစ်သဖြင့် စိတ်ပူစရာလည်း သိပ်မရှိတော့ဟု ယူဆမိသည်။ ထိုသို့ ယူဆထားသည့် ဒေါ်ချို၏ အယူအဆကို သမီးအငယ် ဖြစ်သူက ရိုက်ချိုး လိုက်တော့သည်။

ဒေါ်ချို တန်ဖိုးထားရသော သမီးအငယ်မှာ သူ၏ချစ်သူ ဆိုသူနောက် လိုက်သွား တော့သည်။ ခင်ပွန်းသည် ဆုံးပြီး သုံးလေးလ အကြာတွင် ပင်သမီးဖြစ်သူမှာ ယောက်ျား နောက်လိုက်သည် ဆိုသည့်အတွက် ရပ်ကွက်ထဲတွင် ဒေါ်ချို အကြောင်းမှာ မပြောမပြီး သတင်းအတင်း တစ်ခု ဖြစ်နေတော့သည်။ သမီးဖြစ်သူ၏ သူငယ်ချင်းများထံ အကူအညီ တောင်းပြီး လိုက်လံ စုံစမ်းသဖြင့် မည်သူနှင့် လိုက်သွားသည်ကို သိရသော်လည်း ဘယ်မှာနေသည် ဘယ်ရောက် နေသည်တော့ တိတိကျကျ မသိရ ဖြစ်နေသည်။ မည်သို့မျှ ကြံရာ မရသည့်အဆုံး အကြားအမြင် ဗေဒင်စုံအောင် လိုက်လံမေးမြန်း တော့သည်။ အကြားအမြင် ဆရာမ ရှေ့တွင် မျက်ရည် စက်လက်ဖြင့် ထိုင်နေသော ဒေါ်ချိုကို ဘေးမှ မြင်ရသူများပင် သနားကရုဏာ သက်မိသည်။ ထို အကြားအမြင် ဆရာမက ''ငါမပြောဘူးလား အရင် တစ်ခေါက်က သမီးတစ်ယောက် အိမ်ထောင်ကျကိန်း ရှိတယ်ဆိုတာ ငါ့မှ မယုံတာဘဲ ခုဖြစ်ပြီ မဟုတ်လား'' အကြားအမြင် ဆရာမကို ဘာမျှ မပြောနိုင်ဘဲ ခေါင်းငုံ့လျက်သာ ငိုနေတော့သည်။ ''ကဲ အခုဘာဖြစ်ချင် တာလဲပြော'' ဒေါ်ချိုအိတ်ထဲမှ ဓာတ်ပုံတစ်ပုံ ထုတ်လိုက်သည်။ သမီးဖြစ်သူနှင့် တွဲရိုက်ထားသော လူကြီး တစ်ယောက်ပုံ၊ သမီး တစ်ယောက်တည်း ပုံ မရှိသဖြင့် အဖေနှင့် တွဲရိုက်ထားသည့် ပုံယူလာတာ ဖြစ်မည်ဟုပင် ထင်မိသည်။

''ဒါ သမီးချစ်သူနဲ့ သမီးပုံပါ ကျွန်မ သမီးကို အိမ်ပြန် လာအောင် လုပ်ပေးပါ'' ပြောရင်း ငိုချလိုက်သော ဒေါ်ချိုကို ကြည့်လျက် ဘေးမှလူများ မှင်တက်မိသွားသည်။ ''သူ့ကိုကြိုက်တဲ့ သူတွေ အရွယ်တူတွေ ရှိပါရက်နဲ့ ဒီလူကြီးနဲ့မှ လိုက်သွား ရက်တယ်။ ပြီးတော့ ဘာသာလဲ မတူ လူမျိုးလဲ မတူ'' ပြောရင်း ပြောရင်း အရှိန်ပိုမြင့် လာသည်။ ''ငါမပြောဘူး လား အခုမှငိုလဲ အလကားပဲ ငိုမနေနဲ့ ဖြစ်ချင်တာ သမီးပြန်လာ စေချင်တာ မဟုတ်လား'' သြဇာအပြည့် ပါသည့် အကြားအမြင် ဆရာမ အသံအောက် တွင် ငိုသံလည်း ပျောက်သွားသည်။

ခေါင်းလေး ငုံ့ကာငုံ့ကာဖြင့် ''ဟုတ်ကဲ့ပါ'' ဟုပင် တွင်တွင် ပြောနေသည်။ ခဏအကြာ စာရွက်တစ်ရွက် ပေါ်တွင် ရေးပေး လိုက်သော စာများကိုဖတ်ကာ စာရွက်လေး ပိုက်လျက် အလျင်အမြန် ပြန်သွားသည်။ ''သူ့ခမျာ သနားပါတယ် ယောက်ျား ဆုံးသွားတာ လေးလ လောက်ပဲ ရှိအုံးမယ်။ သမီးက လင်နောက် လိုက်သွား ရှာတယ်။ အခု လိုက်သွား တာကလဲ လူမျိုးခြား ဘာသာခြားနဲ့ ပြီးတော့ အသက်ကလဲ ကြီးသေးတယ်။ သူ့လောက် သမီးတွေကို ဂရုစိုက်တာ သူပဲရှိတယ်။ အခုတော့ ရင်ကွဲရပြီ လင်သေသားဆုံး မပဋာ လို ဖြစ်နေရှာ တာပေါ့။ သူကတော့ သားမဟုတ်ဘူး။ သမီး ... သမီး။ ငါလဲ စောင့်ရှောက် ပါတယ်။ သူတို့က လိုမှလာကြတာ ''ဟူသော အကြားအမြင် ဆရာမ အသံကိုသာ ကြားယောင်ရင်း ဒေါ်ချို၏အ ဖြစ်ကို မပဋာ အဖြစ်နှင့် ယှဉ်ကာ အထပ်ထပ် တွေးမိ နေပါတော့သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment