Pages

Monday, November 17, 2014

ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အသုံးချမှုစနစ်နှင့် မိုဘိုင်းလ်ဝန်ဆောင်မှု နည်းပညာများ ဆိုင်ရာ ပြပွဲ ပြုလုပ်မည်



ရန်ကုန် ၊ ၁၇-၁၁-၂၀၁၄

မြန်မာနိုင်ငံ၏ နည်းပညာ ပြပွဲများအနက် ပထမဦးဆုံး အနေဖြင့် ပါဝင်မည့် ဂြိုဟ်တု နည်းပညာဆိုင်ရာ အသုံးချမှု စနစ်များကို ရှင်းလင်း ပြသပြီး မိုဘိုင်းလ် ဝန်ဆောင်မှု ဆိုင်ရာ အကြောင်းအရာ များနှင့် ဆက်သွယ်ရေး နည်းပညာ များကို ပြသမည့် Communicast 2014 Myanmar  ပြပွဲကြီးကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂ဝ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ မိုဘိုင်းလ် လုပ်ငန်းများ ဂြိုဟ်တုနှင့် ဆက်သွယ်ရေး ဆိုင်ရာ ကျွမ်းကျင်သူ များ၏ ထူးခြားသော ပံ့ပိုးမှုအဖြစ် နိုင်ငံတကာရှိ ကုမ္ပဏီပေါင်း ၉ဝ ကျော်ပါဝင် ပြသ သွားမည် ဖြစ်သည်။

အဆိုပါပြပွဲသည် ရန်ကုန်မြို့၌ ကျင်းပမည့် ပထမဆုံး ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းပြပွဲ ဖြစ်ကာ နောင်လာမည့် သုံးနှစ်ခန့်တွင် ပြည်တွင်း၌ ဆက်သွယ်ရေး နည်းပညာနှင့် ပတ်သက်၍ ၈ဝ ရာခိုင်နှုန်း ထိုးဖောက် နိုင်မည့် ထူးခြားသော ဈေးကွက် အခွင့်အလမ်း များကိုလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

''မြန်မာ့မိုဘိုင်းလ် ကွန်ရက်သစ်များ ထုတ်လုပ်ဖို့နဲ့ နိုင်ငံရဲ့ ICT လုပ်ငန်းမှာ နောက်ထပ်တစ်ဆင့် တိုးတက်လာ စေဖို့အတွက် ပြပွဲ လုပ်ဆောင်မှုက သိပ်ကောင်း ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဂြိုဟ်တုနဲ့ ဆက်သွယ်ရေး ကဏ္ဍရဲ့ လိုအပ်ချက်တွေ မြင့်တက်လာ စေဖို့ လျင်မြန်စွာ တိုးတက်လာမှု တွေကို အမှန်တကယ် မြင်တွေ့နိုင်ဖို့ ဒါက ပထမဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ အများကြီးပါဝင်မှု နဲ့အတူ ပြပွဲမှာ ပါဝင်မယ့် စိတ်လှုပ်ရှားဖွယ် အစီအစဉ် များကြောင့်လည်း ဝမ်းမြောက်မိ ပါတယ် ... '' ဟု Overseas Exhibitions Services Ltd. ၏ ပြပွဲ ဒါရိုက်တာ Rupert Owen က ပြောကြားခဲ့သည်။

ယခုလအတွင်း MEP ၌ ပြုလုပ်မည့် Communicast 2014 Myanmar ၏ အသေးစိတ် အကြောင်းအရာများကို www.communicastmyanmar.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး ICT နည်းပညာနှင့် ပတ်သက်သည့် ဟောပြော ဆွေးနွေးပွဲများ နှင့် ပြခန်းများ အပါအဝင် ဂြိုဟ်တုစနစ်သုံး နည်းပညာများ ကိုပါ ထည့်သွင်း ပြသသွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲသို့ လာရောက်သူများ အနေဖြင့် မိမိတို့၏ လုပ်ငန်းများကို တိုးတက်လာသော နည်းပညာများ နှင့် ဆက်စပ် အသုံးပြု နိုင်မည် ဖြစ်သည့်အပြင် စိတ်ပါဝင်စား သူများ မည်သူမဆို တက်ရောက် လေ့လာနိုင်ကြောင်း သိရှိရသည်။

မိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment